ထရမ့်မဲဆွယ်အဖွဲ့နှင့် ရုရှားပတ်သက်မှု စုံစစ်းစစ်ဆေးခဲ့သည့် အထူးစုံစမ်းရေးမှူးမြူလာ၏ အစီရင်ခံစာ ရှေ့နေချုပ်ထံတင်ပြ

ထရမ့်မဲဆွယ်အဖွဲ့နှင့် ရုရှားပတ်သက်မှု စုံစစ်းစစ်ဆေးခဲ့သည့် အထူးစုံစမ်းရေးမှူးမြူလာ၏ အစီရင်ခံစာ ရှေ့နေချုပ်ထံတင်ပြ

၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲကာလအတွင်း ထရမ့်မဲဆွယ်အဖွဲ့နှင့် ရုရှားပတ်သက်ခဲ့မှုရှိမရှိ ကာလကြာရှည် စုံစမ်းစစ်ဆေးခဲ့သည့် အထူးစုံစမ်းရေးမှူးချုပ် ရောဘတ်မြူလာ၏ အစီရင်ခံစာကို မတ်လ ၂၂ ရက်က အမေရိကန် ပြည်ထောင်စု ရှေ့နေချုပ် ဝီလျံဘားထံ တင်သွင်းလိုက်ပြီဖြစ်သည်။

၂၂ လကြာစူးစမ်းခဲ့ရသည့် အတွင်းရေးအစီရင်ခံစာ၏ အဓိကကောက်နုတ်ချက်များကို ရှေ့နေချုပ်က မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အစီရင်ခံစာတွင် နောက်ထပ်စွဲချက်အသစ်များမပါရှိကြောင်း တရားရေးဌာန အရာရှိများပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြခဲ့ကြသည်။

အောက်လွှတ်တော်ဥက္ကဌ၊ ဒီမိုကရက်တစ်ခေါင်းဆောင် နန်စီပလိုစီနှင့် အထက်လွှတ်တော်လူနည်းစုခေါင်းဆောင် ချပ်ရှူးမားတို့က မြူလာ၏အစီရင်ခံစာအပြည့်အစုံကို လူသိရှင်ကြားထုတ်ပြန်ပေးရန် တောင်းဆိုလိုက်ပြီး အမှန်တရားကို အမေရိကန် ပြည်သူများ သိခွင့်ရှိကြောင်း ပြောဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ သမ္မတထရမ့်က စိန်ခေါ်လိုသည့် ဒီမိုကရက်တစ်များ၏တောင်းဆိုချက်ကို ပဲ့တင်ထပ်လိုက်ခြင်းဖြစ်သည်။

စွဲချက်အသစ်မပါသော်လည်း အစီရင်ခံစာသည် မည်သို့မည်ပုံဖြစ်ကြောင်း မသဲကွဲသေးပေ။ အစီရင်ခံစာသည် ကျယ်ပြန့်လှကြောင်း တရားရေးဌာနက ပြောဆိုခဲ့သည်။

ရှေ့နေချုပ် ဘားသည် အစီရင်ခံစာကို ကွန်ဂရက်လွှတ်တော်နှင့် လူထုထံ ထုတ်ပြန်ခြင်းပြုမပြု ဆုံးဖြတ်ရမည်ဖြစ်သည်။ဘားကဒုတိယရှေ့နေချုပ် ရော့ဒ်ရိုဆန်စတိုင်း၊ စုံစမ်းရေးမှူးချူပ် မြူလာတို့နှင့် တိုင်ပင်၍ ဥပဒေနှင့်ညီညွတ်သည့် အချက်အလက်ထုတ်ပြန်မှု ရှိနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။

တရားရေးဌာန၏ကျင့်ဝတ်အရ စွဲချက်တင်ရန် ဆုံးဖြတ်နိုင်သည့် အတွင်းရေးမှတ်စုများကို ထုတ်ပြန်ရန် မဖြစ်နိုင်ကြောင်းလည်း ပြောဆိုသည်။

တရားရေးဌာန၏ ဌာနတွင်းအစီရင်ခံစာဖြစ်ပြီး အိမ်ဖြူတော်အတွက်အစီရင်ခံမှု မဟုတ်၍ ယင်းအစီရင်ခံစာ အပြည့်အစုံကို သမ္မတထရမ့်ကကြည့်ရှုရန် တောင်းဆိုမည် မတောင်းဆိုမည်လည်း မသဲကွဲသေးပေ။

အစီရင်ခံစာကို အတည်ပြုရန် ကြားနာစစ်ဆေးမှုကို အိမ်ဖြူတော်ကစွက်ဖက်ခွင့်မရှိကြောင်းလည်း ဘားကပြောဆိုသည်။