ကမ္ဘောဒီးယား တရုတ်လက်အောက်ခံမဟုတ်ကြောင်း ဟွန်ဆန်ရှင်းလင်း

ကမ္ဘောဒီးယား တရုတ်လက်အောက်ခံမဟုတ်ကြောင်း ဟွန်ဆန်ရှင်းလင်း

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်လက်အောက်ခံနိုင်ငံမဟုတ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တရုတ်ရန်ပုံငွေဖြင့် ဖောက်လုပ်မည့် အဝေးပြေးလမ်းမကြီး စတင်အကောင်အထည်ဖော်သည့် အခမ်းအနား၌ ပြောဆိုခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ပြီးစီးမည့် အဝေးပြေးလမ်းမကြီးသည် မြို့တော် ဖနောင်ပင်နှင့် တရုတ်လောင်းကစားသမားများ၊ ရင်းနှီးမြှုပ်နှံသူများကျက်စားရာ နိုင်ငံတောင်ပိုင်း အပန်းဖြေစခန်းနှင့် ဆိပ်ကမ်းဖြစ်သည့် သီဟာနုဗီးလ်ကို တိုက်ရိုက်ဆက်သွယ်ပေးမည်ဖြစ်သည်။ အရှည် ၂၀ဝ ကီလိုမီတာ ( ၁၂၄ မိုင်) ရှိသည့် လမ်းမကြီးကို တရုတ်လမ်းနှင့်တံတားကော်ပိုရေးရှင်းက ဖောက်လုပ်မည်ဖြစ်ပြီး တရုတ်၏ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ်စီမံကိန်း၏တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

လမ်းဖောက်လုပ်မှုကြောင့် ဒေါ်လာ ၂ ဘီလျံခန့်ကုန်ကျမည်ဖြစ်ပြီး ယင်းလမ်းမကြီးသည် ကမ္ဘောဒီးယားတွင် ပထမဆုံးဖောက်သည့် အဝေးပြေးလမ်းမကြီးဖြစ်ကြောင်း ဟွန်ဆန်က မတ် ၂၂ ရက်တွင် ကမ်ပွန်စပျူခရိုင်၌ ပြုလုပ်ခဲ့သည့် အခမ်းအနားတွင်ပြောဆိုခဲ့သည်။

သို့သော် တရုတ်သည် ကမ္ဘောဒီးယားကို ထိန်းချုပ်ရန်ဆန္ဒရှိနေသော်လည်း ယင်းကို ကမ္ဘောဒီးယားက လက်သင့်ခံမည်မဟုတ်ကြောင်း ဟွန်ဆန်ကပြောဆိုခဲ့သည်။

တရုတ်သည် သြဇာဖြန့်ကျက်ရန် ကြိုးပမ်းနေကြောင်း ပြောဆိုမှုများမှာ သွေးထိုးသော ပြောဆိုမှုများသာဖြစ်ကြောင်း အခမ်းအနားတက်ရောက်ခဲ့သည့် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကွန်ရွှန်ယိုက ပြောသည်။

တရုတ်၏ရင်းနှီးမြှုပ်နှံမှုသည် ထောင်ချောက်မဟုတ်၊ ခြိမ်းခြောက်မှုမဟုတ်ဘဲ အကူအညီသာဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။တရုတ်၏ကွန်မြူနစ်ခေါင်းဆောင်များသည် ဆင်းရဲသော်လည်း မဟာဗျူဟာကျကျအချက်အချာကျသည့် ကမ္ဘောဒီးယားအား အကူအညီများ၊ ချေးငွေများထုတ်ပေးလျက်ရှိနေသည်။

တရုတ်အစိုးရသည် နှောင်ကြိုးမပါသော အကူအညီကိုသာပေးလေ့ရှိကြောင်း ဟွန်ဆန်က မကြာခဏပြောဆိုခဲ့သည်။အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှာမူ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုက်ဖျက်မှသာ အကူအညီပေးမည်ဟု ပြောဆိုခဲ့ကြပြီးဖြစ်သည်။