စစ်ပွဲများအတွင်း သိမ်းပိုက်ခံဖြစ်သည့် ဂိုလန်ကုန်းမြင့်ကို အစ္စရေးအချုပ်အချာအာဏာပိုင်အဖြစ် အသိအမှတ် ပြုလိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တွစ်တာပေါ်၌ ရုတ်တရက်ကြေညာခဲ့ခြင်းကို ဆီးရီးယား၊ တူရကီနှင့် အာရပ်နိုင်ငံအများစုက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ထရမ့်၏ကြေညာချက်သည် ကြောင်းကျိုးဆီလျော်မှုမရှိကြောင်း၊ ဇီယွန်ဝါဒီများကို မျက်ကန်းတစ္ဆေမကြောက် ဘက်လိုက်ထောက်ခံခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်း၊
ဂိုလန်လွတ်မြောက်ရေး ဖြစ်နိုင်သည့်နည်းလမ်းအားလုံး အသုံးပြုသွားမည်ဖြစ်ကြောင်း ဆီးရီးယားအစိုးရက ထုတ်ပြန်ခဲ့သည်။
အစ္စရေးသည် ဂိုလန်ကုန်းမြင့်ကို ၁၉၆၇ နှင့် ၁၉၈၁ ခုနှစ်တို့တွင် ဆီးရီးယားထံမှ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းကို အစ္စရေးပိုင်အဖြစ် နိုင်ငံတကာက လက်ခံမထားချေ။
ကံအကြောင်းမလှသည့် ထရမ့်ကြေညာချက်ကြောင့် ဒေသတွင်း၌ အကျပ်အတည်းသစ်တစ်ရပ်နှင့် တင်းမာမှုတစ်ရပ်ဆီ ထိုးဆင်းသွားပြီဖြစ်ကြောင်း၊ အာရပ်ပိုင် ဂိုလန်ကုန်းမြင့်အသိမ်းခံရမှုကို မည်သည့် အခါမျှ အသိအမှတ်ပြုမည်မဟုတ်ကြောင်း တူရကီသမ္မတ အာဒိုဂမ်က ပြောဆိုသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဆုံးဖြတ်ချက်အမှတ် ၄၉၇ ဖြင့် ဆီးရီးယား၏ဂိုလန်ကုန်းမြင့်ကို အစ္စရေးသိမ်းပိုက်ပြီး အာဏာသုံးရပ်ပိုင်းခြားကျင့်သုံးရန် ကြိုးပမ်းခြင်းသည် တရားမဝင်ကြောင်း ကြေညာထားသည်။
ထရမ့်၏တွစ်တာမှတ်ချက်အပေါ် မတုံ့ပြန်လိုသော်လည်း ကုလသမဂ္ဂ၏ ဂိုလန်ကုန်းမြင့်ဆိုင်ရာ ရပ်တည်ချက်သည် လုံံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်များအပေါ်သာ ထင်ဟပ်ကြောင်း ကုလပြောခွင့်ရသူ ဖာဟန်ဟက်က ပြောဆိုခဲ့သည်။
ရုရှားနှင့်ဂျာမနီတို့က ကုလရပ်တည်ချက်ကို ထောက်ခံခဲ့ကြသည်။အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာဇရစ်ဖ်ကလည်း နိုင်ငံတကာဥပဒေချိုးဖောက်မှု၊ နိုင်ငံများ၏အချုပ်အခြာကို အနိုင်ကျင့်မှုအဖြစ် ထရမ့်မှတ်ချက်ကို ရည်ညွန်းခဲ့သည်။
အာရပ်အဖွဲ့ချုပ်ဥက္ကဌ အာမက်အဘိုဂိတ်ကလည်း အမေရိကန် ရပ်တည်ချက်ကို ရှုတ်ချလိုက်ပြီး မည်သည့်နိုင်ငံအတွင်းရေးကိုမျှ ပြင်ပက ဆုံးဖြတ်ခွင့်မရှိကြောင်း ပြောဆိုခဲ့သည်။

















