ထိုင်းပြည်သူများက ၎င်းကိုဆက်လက်အားပေးဆဲဖြစ်သည်မဖြစ်သည်ကို မတ် ၂၄ ရက်အထိ သိရှိမည်မဟုတ်သော်လည်း ပြည်ပရောက်ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်သည် ဟောင်ကောင်၌ မတ် ၂၂ ရက်တွင် ကျင်းပခဲ့သည့် ၎င်း၏အငယ်ဆုံးသမီးလက်ထပ်မင်္ဂလာပွဲတွင် အင်မတန်ပျော်ရွှင်နေပုံရခဲ့သည်။
မင်္ဂလာပွဲသို့ အရေးကြီးပုဂ္ဂိုလ်များသာတက်ရောက်ခဲ့သော်လည်း ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲမကျင်းပမီနှစ်ရက်အလိုတွင် မင်္ဂလာပွဲကိုကျင်းပခဲ့ခြင်းကြောင့် သက်ဆင်သည် ၎င်းကိုမမေ့ပစ်ရန် နိုင်ငံသားများကို သတင်းစကားပေးလိုနေပုံရသည်ဟု လေ့လာသူများကသုံးသပ်သည်။
သက်ဆင်ကိုလိုလားသည့် နိုင်ငံရေးပါတီတစ်ခုမှ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လွန်ခဲ့သောလတွင် ကြိုးပမ်းခဲ့သည့် ထိုင်းတော်ဝင်မင်းသမီး ဥဘောရတနာ မဟိဒေါသည်လည်း မင်္ဂလာပွဲသို့ အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့သည်။
သက်ဆင်သည် ၂၀ဝ၆ ခုနှစ်တွင် စစ်တပ်၏အာဏာသိမ်းဖြုတ်ချခြင်းကိုခံခဲ့ရသည်။သက်ဆင်သည် ကိုယ်ကျိုးစီးပွားပဋိပက္ခမှုဖြင့် ထောင်ဒဏ်ကျခံရခြင်းမရှိစေရန် ပြည်ပသို့တိမ်းရှောင်ခဲ့သည့် ၂၀ဝ၈ ခုနှစ်ကတည်းက ထိုင်းနိုင်ငံသို့ ပြန်လာခြင်းမရှိခဲ့ချေ။
သက်ဆင်သည် ကျေးလက်နေဆင်းရဲသားများကို စည်းရုံးထားနိုင်ခဲ့သောကြောင့် မြို့ပြရှိ အထက်တန်းလွှာများ၏မုန်းတီးခြင်းကိုခံခဲ့ရသည်။
သက်ဆင်၏အငယ်ဆုံးသမီး ပေတွန်တန် ရှင်နာဝတ်နှင့် ခရီးသည်တင်လေယာဉ် လေယာဉ်မှူး ပီဒေါ့ ဆွတ်ဆာဝါစ်တို့သည် လွန်ခဲ့သောအပတ်တွင် ထိုင်းနိုင်ငံ၌ မင်္ဂလာပွဲကျင်းပခဲ့ပြီးဖြစ်သည်။
ဗန်ကောက်၌ ကျင်းပခဲ့သည့် မင်္ဂလာပွဲသို့ မတက်ရောက်နိုင်ခဲ့သော်လည်း ဟောင်ကောင်၌ ကျင်းပသည့် အခမ်းအနားသို့တက်ရောက်နိုင်ခဲ့သည့် အခြားတစ်ဦးမှာ ဖြုတ်ချခံဝန်ကြီးချုပ်လည်းဖြစ်သလို သက်ဆင်၏ညီမလည်းဖြစ်သည့် ယင်လပ်ရှင်နာဝတ်ဖြစ်သည်။
ယင်လပ်သည်လည်း ၂၀၁၄ ခုနှစ်တွင် စစ်တပ်၏အာဏာသိမ်းဖြုတ်ခြင်းကိုခံခဲ့ရပြီး ထောင်ဒဏ်ကျခံရခြင်းမရှိစေရန် ပြည်ပသို့တိမ်းရှောင်ခဲ့သည်။
မင်္ဂလာပွဲပြုလုပ်ခဲ့သည့် ဟောင်ကောင်ရှိ ရို့စ်ဝုဒ်ဟိုတယ်၌ စောင့်ဆိုင်းနေသည့် သတင်းထောက်များက သက်ဆင်အား မေးခွန်းများမေးမြန်းခဲ့ရာ ၎င်းက ပျော်ရွှင်နေကြောင်း အင်္ဂလိပ်ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ယခုအထိမသိရသေးကြောင်း ဖြေဆိုခဲ့သည်။

















