မြောက်ကိုရီးယားအပေါ် ကြီးမားသည့်အတိုင်းအတာဖြင့် ပိတ်ဆို့မှုအသစ် ထပ်မံချမှတ်ရန် အမေရိကန် ဘဏ္ဍာရေးဌာန၏ဆုံးဖြတ်လိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က ပြန်လည်ရုပ်သိမ်းစေခဲ့ကြောင်း တွစ်တာပေါ်၌ ဖော်ပြခဲ့သည်။
ဖလော်ရီဒါပြည်နယ် ပမ်းဘိချ်ရှိ ကိုယ်ပိုင်အပန်းဖြေအိမ်၌ရောက်ရှိနေစဉ် ထရမ့်၏ ယင်းသို့ဖော်ပြမှုကြောင့် ရှုပ်ထွေးသည့် အဓိပ္ပာယ်ကောက်ယူမှုအချို့ ဖြစ်ပေါ်ခဲ့သည်။
သမ္မတထရမ့်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ကို နှစ်သက်ပြီး နျူကလီးယားအရေးတွင် နောက်ထပ်ပိတ်ဆို့မှုမလိုအပ်ဟု ယူဆသောကြောင့် ဆုံးဖြတ်ချက် ပြန်လည် ရုပ်သိမ်းစေခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ ဆာရာဆန်းဒါးစ်က ရှင်းလင်းပြောဆိုခဲ့သည်။
သမ္မတထရမ့်၏ တွစ်တာမှတ်ချက်သည် တည်ရှိပြီးပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမဟုတ်ကြောင်း၊ နောက်ထပ် ကြီးမားသည့်ပိတ်ဆို့မှုချမှတ်ရန် မလိုလားခြင်းသာဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက အေပီသို့ပြောဆိုခဲ့သည်။
ထရမ့်အစိုးရ၏ ဆုံးဖြတ်ဆောင်ရွက်ချက်များနှင့် သမ္မတထရမ့်၏ တွစ်တာမှတ်ချက်များသည် မကြာခဏ ရှုပ်ထွေးမှုများ၊ အဓိပ္ပာယ်လွဲမှားမှုများ ဖြစ်ပေါ်ခဲ့သည်။
ထရမ့်၏မှတ်ချက်ကြောင့် ဘဏ္ဍာရေးဌာနနှင့် အမျိုးသားလုံခြုံရေးကောင်စီတို့ကို မီဒီယာများက မေးခွန်းထုတ်ခဲ့ကြပြီး ၄င်းတို့ကဖြေကြားရန် ငြင်းဆိုခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဌာနသည် ပိတ်ဆို့မှုအသစ်ချမှတ်ခြင်း မရှိသေးဘဲ သမ္မတထရမ့်က ပိတ်ဆို့မှုအသစ်ကို ပြန်လည်ရုပ်သိမ်းစေခြင်း မဟုတ်ကြောင်းသာ အစိုးရအရာရှိများက ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားနှင့် တရားမဝင်ကုန်သွယ်ခဲ့သည့် တရုတ်အခြေစိုက်သင်္ဘောကုမ္ပဏီနှစ်ခုကို ဘဏ္ဍာရေးဌာနက နာမည်ပျက်စာရင်းသွင်းရန် လုပ်ဆောင်ခြင်းကို သမ္မတက ရည်ညွန်းခဲ့ပုံရကြောင်း မူလကသုံးသပ်မှုများ ရှိခဲ့သည်။
ယင်းနောက်တွင် အနာဂတ်ပိတ်ဆို့မှုများကို ရည်ညွှန်းကြောင်း ပြောဆိုခဲ့ကြသည်။
သမ္မတထရမ့်က နောက်ထပ်ပိတ်ဆို့မှုမလိုအပ်ဟု ပြောဆိုခဲ့စဉ် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်ကမူ ဘဏ္ဍာရေးဌာန၏ပိတ်ဆို့မှုသည် အရေးပါကြောင်း မတ်လ ၂၁ ရက်က ပြောဆိုခဲ့သည်။

















