ပါကစ္စတန်နိုင်ငံ၌ မတ် ၂၃ ရက်တွင် အမျိုးသားနေ့ကို ဒုံးကျည်များ၊ သံချပ်ကာယာဉ်များ၊ တိုက်လေယာဉ်များပါဝင်သော စစ်ရေးစွမ်းရည်ပြမှုဖြင့် ကျင်းပခဲ့သည်။
မတ် ၂၃ ရက်မတိုင်မီတွင် အိန္ဒိယဝန်ကြီးချုပ်နာရိန္ဒြာမိုဒီသည် ပါကစ္စတန်ဝန်ကြီးချုပ် အီမရမ်ခန်းအား ဆုမွန်ကောင်းတောင်းပါကြောင်း ပြောဆိုခဲ့သည်။
အီမရန်ခန်းကလည်း မိုဒီ၏ပြောဆိုမှုကို ကြိုဆိုလက်ခံခဲ့ပြီး ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသအပါအဝင် ကိစ္စရပ်များစွာတို့နှင့်ပတ်သက်၍ ဆွေးနွေးလိုကြောင်း ပြောဆိုခဲ့သည်။
လွန်ခဲ့သောလတွင် ကက်ရှ်မီးယား အိန္ဒိယအုပ်ချုပ်မှုအပိုင်းတွင် အသေခံဗုံးခွဲမှုကြောင့် အိန္ဒိယစစ်သည် ၄၀ ဦးသေဆုံးခဲ့ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား တင်းမာမှုများရှိခဲ့သည်။
အိန္ဒိယလေတပ်သည် ပါကစ္စတန်နိုင်ငံတွင်းဝင်ရောက်ပြီး စစ်ဆင်းရေးပြုလုပ်ခဲ့သလို ပါကစ္စတန်ကလည်း အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
အိန္ဒိယတိုက်လေယာဉ်မှူးတစ်ဦးကို ပါကစ္စတန်က ဖမ်းမိခဲ့ပြီးနောက် နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
အာရှဒေသသည် စစ်ကိုမလို၊ ငြိမ်းချမ်းရေးကိုသာ လိုအပ်ပြီး ပါကစ္စတန်သည် အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာနေလိုကာ ပါကစ္စတန်သည် ငတ်ပြတ်မှု၊ ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်မဲ့မှုများကိုသာ တိုက်ပွဲဝင်လိုကြောင်း ပါကစ္စတန်သမ္မတ အာရစ်ဖ် အယ်လ်ဗီက ပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေးလိုလားခြင်းကို အားနည်းချက်အဖြစ် သတ်မှတ်ရန်မသင့်ကြောင်း၊ အမုန်းတရားကုန်ဆုံးပြီး ဒေသတွင်းရှိ အများပြည်သူများအတွက် ငြိမ်းချမ်းရေးမျိုးစေ့ကိုချသင့်ကြောင်း အယ်လ်ဗီကပြောဆိုခဲ့သည်။
စစ်ရေးပြပွဲသို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်တက်ရောက်ခဲ့သည်။ အစ္စလာမာဘတ်ရှိ လမ်းမများပေါ်တွင် စစ်သည်များချီတက်ခဲ့ပြီး တိုက်လေယာဉ်များကလည်း ပျံသန်းမှုစွမ်းရည်ပြခဲ့ကြသည်။
အာဏာပိုင်များသည် လုံခြုံရေးအတွက် မိုဘိုင်းဖုန်းဆက်သွယ်ရေးစနစ်ကို ခေတ္တဖြတ်တောက်ခဲ့ပြီး လမ်းအချို့ကို ပိတ်ဆို့ခဲ့သည်။

















