ဘရက်ဇစ်အရေး ပြည်သူ့ဆန္ဒခံယူပွဲထပ်လုပ်ရန် လန်ဒန်တွင် ပြည်သူသိန်းချီ ချီတက်ဆန္ဒပြ

ဘရက်ဇစ်အရေး ပြည်သူ့ဆန္ဒခံယူပွဲထပ်လုပ်ရန် လန်ဒန်တွင် ပြည်သူသိန်းချီ ချီတက်ဆန္ဒပြ

ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်ထွက်ခွာရေး(ဘရက်ဇစ်)နှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲ ထပ်မံပြုလုပ်ရန် တောင်းဆိုသည့်အနေဖြင့် လန်ဒန်မြို့လယ်တွင် ဗြိတိန်လူထုသိန်းချီ ချီတက်ဆန္ဒပြခဲ့ကြသည်။

ဘရက်ဇစ်အရေးသဘောတူညီချက်မူကြမ်းကို လွွှတ်တော်က နှစ်ကြိမ်တိုင်တိုင်ပယ်ချခဲ့ပြီး ထပ်မံဆုံးဖြတ်ရန် အကျပ်ဆိုက်နေချိန် မတ် ၂၂ ရက်က လူထုဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ၂၀ဝ၃ ခုနှစ် စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲနောက် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်သည်။

ပြည်သူ့ဆန္ဒချီတက်ပွဲကို လှုံ့ဆော်သူများက လွှတ်တော်ရှေ့မှောက်တွင် ချီတက်ကြရန် လူတစ်သန်းကျော်ကို စည်းရုံးနိုင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

အီးယူအလံများ၊ ပိုစတာများကိုင်စွဲလာသည့် ချီတက်သူများက နောက်ထပ်မည်သည့် ဘရက်ဇစ်မူကြမ်းမဆို ပြည်သူ့ ဆန္ဒဖြင့် ဆုံးဖြတ်ရေးကို တောင်းဆိုခဲ့ကြသည်။

မတ်လ ၂၂ ရက်က အီးယူခေါင်းဆောင်များသည် အီးယူမှဗြိတိန်ထွက်ခွာရေး ရွှေ့ဆိုင်းပေးရန် သဘောတူခဲ့ကြသည်။ ဘရက်ဇစ်မူကြမ်းကို လွှတ်တော်တွင် တတိယအကြိမ်မဲခွဲတော့မည်မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေက ပြောဆိုခဲ့ပြီးနောက် ၄င်းနုတ်ထွက်ပေးရန် နောက်ထပ်ဖိအားပေးခံနေရသည်။

ဆန္ဒပြသူများတွင် လေဘာပါတီဒုတိယခေါင်းဆောင်တွမ်ဝပ်ဆန်၊ စကော့တလန်ပထမဝန်ကြီးချုပ် နီကိုလာ စတာဂျန်၊ လန်ဒန်မြို့တော်ဝန် ဆဒစ်ခန်း၊ တစ်သီးပုဂ္ဂလအမတ် အန်နာဆိုဘရီ၊ ရှေ့နေချုပ်ဟောင်း ဒိုမနစ် ဂရီဗီတို့အပြင် နာမည်ကျော် အနုပညာရှင်များလည်း ပါဝင်ကြသည်။

သဘောတူညီချက်မပါဘဲ အီးယူမှ ဗြိတိန်ထွက်ခွာရခြင်းကို ရှောင်ရှားရန် အကောင်းဆုံးအခါသမယဖြစ်ပြီး ယင်းကို လူထုကဆုံးဖြတ်ခွင့်ပေးရန်ဖြစ်ကြောင်း မစ္စတာစတာဂျန်က ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်မေက ဘရက်ဇစ်မူကြမ်းကို လုံလောက်သည့်အားပေးမှုမရှိလျှင် မဲခွဲဆုံးဖြတ်မည်မဟုတ်ကြောင်း လွှတ်တော်အမတ်များထံ မတ် ၁၆ ရက်က စာရေးသားပေးပို့ခဲ့သည်။

မူကြမ်းကိုအမတ်များကသဘောမတူလျှင် အခြား အစီအစဉ်တစ်ရပ်ရပ် သို့မဟုတ် ဧပြီ ၁၂ ရက်၌ သဘောတူညီချက်မပါဝင်ဘဲ အီးယူမှဗြိတိန်ထွက်ခွာခြင်းကို ရင်ဆိုင်ရမည် ဖြစ်သည်။