ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် စစ်ဘက်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အထွေထွေရွေးကောက်ပွဲကို မတ် ၂၄ ရက်၌ ကျင်းပခဲ့သည်။
ကာလကြာရှည်စောင့်ဆိုင်းခဲ့ရသည့် ရွေးကောက်ပွဲတွင် ၂၀၁၄ ခုနှစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ပါဝင်ယှဉ်ပြိုင်၍ အာဏာသက်တမ်းဆွဲဆန့်ရန် မျှော်လင့်ရသည်။
စစ်ဘက်ကို နိုင်ငံရေးပါတီကြီးများ ယှဉ်ပြိုင်လွှမ်းမိုးနိုင်ခြင်းမပြုရန် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံရေးစနစ်တစ်ရပ် ဖန်တီးထားခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။
ပါတီ ၇၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်အနက် ပြည်ပြေးဝန်ကြီးချုပ်ဟောင်းသက်ဆင် လိုလားသည့် ဖြူးထိုင်းပါတီနှင့် အာဏာသိမ်းမှုမတိုင်ခင်က အဓိကအတိုက်အခံဖြစ်ခဲ့သည့် ဒီမိုကရက်ပါတီတို့က အဓိကပါတီနှစ်ရပ်အဖြစ် ပါဝင်သည်။
ပါတီသစ်များစွာလည်း ပါဝင်ပြီး စစ်ဘက်လိုလားသူနှင့်ထောက်ခံသူ အမျိုးစုံလင်သည်။ချန်အိုချာသည် ၂၀၁၈ ကမှ တည်ထောင်သည့် ပလန်ပရာချာရတ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည်။
အခြေခံဥပဒေသစ်အရ ဝန်ကြီးချုပ်သည် ရွေးကောက်ခံလွှတ်တော်အမတ်ဖြစ်ရန် မလိုအပ်ဘဲ လွှတ်တော်က ရွေးချယ်ရန်သာဖြစ်သည်။
လွှတ်တော်နှစ်ရပ်အနက် အထက်လွှတ်တော်ကို စစ်တပ်ကခန့်အပ်သည့် အမတ် ၂၅၀ ဖြင့် ဖွဲ့စည်းထားသည်။
အောက်လွှတ်တော်တွင် အမတ် ၅၀ဝ ရှိပြီး ၃၇၅ ဦးကိုသာ တိုက်ရိုက်ရွေးချယ်လျက် ၁၂၅ ဦးကို ပါတီများမှ အချိုးကျခန့်အပ်ရန်ဖြစ်သည်။
ယခုရွေးကောက်ပွဲသည် စစ်ဘက်အပါအဝင် ရှေးရိုးစွဲအင်အားစုများနှင့် လူကြိုက်များသည့် နိုင်ငံရေးတော်လှန်မှုတစ်ရပ်ကို ခေါင်းဆောင်သူဟု ယူဆဖွယ် ဝန်ကြီးချုပ်ဟောင်းနှင့် ဘီလျံနာ လုပ်ငန်းရှင် သက်ဆင် ရှင်နာဝါထရာ၏ နိုင်ငံရေးအင်အားစုတို့အကြား နှစ် ၂၀ နီးပါးကြာ တိုက်ပွဲ၏ နောက်ဆုံးအပိုင်းဟု ရှုမြင်ကြကြောင်း ဖော်ပြခဲ့ကြသည်။
သက်ဆင်သည် ၂၀ဝ၆ ခုနှစ် စစ်ဘက်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း အရေးယူခံရခြင်းမှ ရှောင်ကွင်းရန် ပြည်ပသို့တိမ်းရှောင်ခဲ့ကာ ၄င်း၏ညီမဖြစ်သူ ယင်လတ်ရှင်နာဝါထရာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
၂၀၁၄ ခုနှစ်၌ ယင်လတ်သည်လည်း စစ်ဘက်၏ အာဏာသိမ်းဖြုတ်ချခြင်းခံရကာ ပြည်ပတွင် တိမ်းရှောင်နေသည်။

















