နော်ဝေကမ်းရိုးတန်းတွင် မတ် ၂၃ ရက်က လေထန်ကာ လှိုင်းကြီးနေစဉ်အတွင်း ခရီးသည်၁၃၀ဝ ကျော်ပါဝင်သော အပျော်စီးခရီးသည်တင်သင်္ဘောတစ်စီး စက်ချို့ယွင်းကာ ကျောက်ချထားရသဖြင့် အာဏာပိုင်များက ခရီးသည်များကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့ရသည်။
Viking Sky သင်္ဘောသည် လှိုင်းထန်ကာ ကျောက်ဆောင်ပေါများသော ကမ်းခြေဆီသို့ မျောပါနေသဖြင့် အလီဆန်နှင့် ထရွန်ဟမ်မြို့အကြား ဟတ်စတာဗီကာပင်လယ်အော်အတွင်း ကျောက်ချထားရသည်။
ထိုနေရာတွင် လေတိုက်နှုန်းတစ်နာရီ ၄၃ မိုင်၊ လှိုင်းအမြင့် ၂၆ ပေထိရှိနေသဖြင့် သင်္ဘောများဖြင့် ချဉ်းကပ်ကယ်ဆယ်ရန် မဖြစ်နိုင်သောကြောင့် နော်ဝေအာဏာပိုင်များသည် ကမ်းခြေမှ ရဟတ်ယာဉ်ငါးစင်းဖြင့် ခရီးသည်များကိုတစ်ကြိမ်လျှင် တစ်ဦးစီ ရဟတ်ယာဉ်ပေါ်သို့ ကြိုးဖြင့်ဆွဲတင် ကယ်ဆယ်ခဲ့ရသည်။
သင်္ဘောနှင့် အနီးဆုံးကမ်းခြေရှိမိုဒီမြို့သို့ ခရီးသည်များကို ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ခဲ့သည်။
ခရီးသည် အများစုမှာ ဗြိတိန်နှင့် အမေရိကန်နိုင်ငံသားများ ဖြစ်သည်။လက်ရှိအထိခရီးသည် ၁၈၀ ကျော် ကယ်ဆယ်ပြီးဖြစ်ကာ သင်္ဘောပေါ်တွင် ကျန်ရစ်နေသောခရီးသည်များအတွက်လည်း လောလောဆယ်တွင် အသက်အန္တရာယ် စိုးရိမ်ရန်မရှိကြောင်း နော်ဝေကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မိုးလေဝသအခြေအနေကောင်းမွန်လာပါက ကယ်ဆယ်ရေးအရှိန်မြှင့် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း နော်ဝေတောင်ပိုင်းကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူ ပါ ဂျစ်ကပြောသည်။
“သိပ်ကြောက်ဖို့ကောင်းတာပဲ။ ဒီလောက် ကြောက်ဖို့ကောင်းတာတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးဘူး” ဟုရဟတ်ယာဉ်ဖြင့် ပထမဆုံးကယ်ဆယ်လာသည့် ခရီးသည်များထဲမှ ဂျနတ် ဂျက်ကော့က ပြောသည်။

















