ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းတွင် ပူးပေါင်းရန် တရုတ်နှင့် အီတလီ သဘောတူလက်မှတ်ထိုး

ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းတွင် ပူးပေါင်းရန် တရုတ်နှင့် အီတလီ သဘောတူလက်မှတ်ထိုး

တရုတ်၊ အာရှ၊ ဥရောပနှင့် အာဖရိကတို့ကိုစီးပွားရပ်ဝန်းကြီးအဖြစ် ချိတ်ဆက်မည့် တရုတ်ဦးစီးသောရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းတွင် ပါဝင်ရန် တရုတ်နှင့် အီတလီတို့ မတ် ၂၃ ရက်ကနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြသည်။

စက်မှုထိပ်သီး ခုနစ်နိုင်ငံထဲတွင် အီတလီသည် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းသို့ ဝင်ရောက်သည့် ဦးဆုံးနိုင်ငံလည်း ဖြစ်သည်။

ပေါ်တူဂီသည် ပြီးခဲ့သည့် ဒီဇင်ဘာကစီမံကိန်းသို့ ဝင်ရောက်ခဲ့သည်။တရုတ်သမ္မတရှီကျင့်ဖျင် ရောမမြို့သို့ ရောက်ရှိစဉ် အီတလီဝန်ကြီးချုပ် ဂူဆပ်ပီကွန်တီနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

စီမံကိန်းသို့ ဝင်ရောက်ခြင်းဖြင့် အီတလီသည် တရုတ်နှင့် ကုန်သွယ်ရေးမညီမျှမှုကို မျှခြေရောက်အောင် ပြန်ဆောင်ကြဉ်းနိ်ုင်မည်ဖြစ်ကြောင်း၊  လက်ရှိတွင် “Made in China” ပစ္စည်းများသာ အီတလီသို့ ဝင်နေရာ၊ မကြာခင် “Made in Italy” ပစ္စည်းများကိုတရုတ်သို့ တင်ပို့နိုင်တော့မည်ဖြစ်ကာ တစ်နှစ်အတွင်း ကုန်သွယ်ရေး မညီမျှမှုကိုဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အီတလီစီးပွားစီမံကိန်းဝန်ကြီး လူဂျီဒီမီယိုက ပြောသည်။

လက်မှတ်ထိုးခဲ့ကြသည့် စီမံကိန်းတန်ဖိုးသည် ယူရို ၂ ဒသမ ၅ ဘီလျံဖိုးရှိပြီးယူရို ၂၀ ဘီလျံထိ တိုးတက်လာမည့် အလားအလာများရှိသည်။

စီမံကိန်းတွင် ပါဝင်ခြင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများတွင် တရုတ်  ရင်းနှီးမြှုပ်နှံမှုများဝင်လာကာ အီတလီသည် တစ်ချိန်က အရှေ့နှင့်အနောက် ကုန်သွယ်ရေးဗဟိုချက်ဒေသ ဖြစ်ခဲ့ခြင်းကို ပြန်အသက်သွင်းနိုင်မည်ဟုလည်း မျှော်လင့်ထားသည်။

စီမံကိန်းတွင် အီတလီက ပူးပေါင်းပါဝင်ခြင်းဖြင့် တရုတ်၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်းသည်  ဥရောပအနောက်ပိုင်းသို့ ဝင်ရောက်ရေးလမ်းပွင့်သွားကြောင်းလည်း တွေ့ရသည်။