ဆိုမာလီယာအစိုးရရုံးကို အကြမ်းဖက်သမားများပစ်ခတ်တိုက်ခိုက်၊ ဒုဝန်ကြီးအပါအဝင် ငါးဦးသေဆုံး

ဆိုမာလီယာအစိုးရရုံးကို အကြမ်းဖက်သမားများပစ်ခတ်တိုက်ခိုက်၊ ဒုဝန်ကြီးအပါအဝင် ငါးဦးသေဆုံး

ဆိုမာလီယာနိုင်ငံ မြို့တော်  မိုဂါဒစ်ရှူးတွင် မတ် ၂၃  ရက်က အကြမ်းဖက်သမားများသည် အစိုးရရုံးတစ်ရုံးကို အသေခံကားဗုံးခွဲကာ၊ ဝင်ရောက်စီးနင်းပစ်ခတ်သဖြင့် အလုပ်သမားရေးရာ ဒုတိယဝန်ကြီးအပါအဝင်  ငါးဦးသေဆုံးခဲ့သည်။

အကြမ်းဖက်သမားငါးဦးနှင့် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက အလုပ်သမားဝန်ကြီးရုံးကို ပြန်ထိန်းသိမ်းနိုင်ခဲ့ကြောင်း မိုဂါဒစ်ရှူးမြို့ ရဲတပ်ဖွဲ့အကြီးအကဲမိုဟမ်မတ်ဟူစိန်က ပြောသည်။

အကြမ်းဖက်သမားများ ဝန်ကြီးဌာနရုံးမြေညီထပ်သို့ ဝင်တိုက်ခိုက်စဉ် ဒုတိယဝန်ကြီးဆာခါ အီဘရာဟမ် အဒါလာပစ်ခတ်ခံရကာ သေဆုံးခဲ့သည်။

လူဆယ်ဦးကျော်လည်း ဒဏ်ရာများရရှိခဲ့ကာ အယ်လ်ကိုင်ဒါနှင့် ဆက်စပ်နေသော အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့က ၎င်းတို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မတ်  ၂၃ ရက်(စနေနေ့) သည် ဆိုမာလီယာတွင်   အစိုးရရုံးဖွင့်ရက်ဖြစ်သောကြောင့် တိုက်ခိုက်မှုဖြစ်ပွားချိန်သည် ရုံးအတွင်း လူစည်ကားချိန်လည်းဖြစ်သည်။

အလုပ်သမားရေးရာဝန်ကြီးဌာနရုံးသည် ဆိုမာလီယာထောက်လှမ်းရေးရုံးနှင့် မလှမ်းမကမ်းတွင် တည်ရှိခြင်းဖြစ်သည်။

ဖေဖော်ဝါရီလကုန်ပိုင်းကလည်း မိုဂါဒစ်ရှူးမြို့တွင်  အလားတူတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးလူ ၂၄ ဦးသေဆုံးခဲ့ရသည်။

အာဖရိကတွင် လှုပ်ရှားမှု အများဆုံးဖြစ်သည့် အယ်လ်ရှာဘတ် အစွန်းရောက် အကြမ်းဖက်အဖွဲ့သည် ဆိုမာလီယာတွင် အစ္စလာမ္မစ် နိုင်ငံတော်ထူထောင်ရေး နှစ်ပေါင်းများစွာအကြမ်းဖက်တိုက်ခိုက် ကြိုးပမ်းနေခဲ့ခြင်းဖြစ်သည်။

နိုင်ငံတောင်ပိုင်း ကျေးလက်ဒေသများတွင် ခြေကုပ်ယူလှုပ်ရှားလျက်ရှိကာမြို့တော် မိုဂါဒစ်ရှူးရှိအများပြည်သူဆိုင်ရာ နေရာများ၊ အစိုးရရုံးများ၊ ဟိုတယ်များကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်။