အိုင်အက်စ်အဖွဲ့၏နယ်မြေရာနှုန်းပြည့်ကို သိမ်းပိုက်နိုင်ပြီဟု အမေရိကန် မဟာမိတ် ဆီးရီးယားတပ်များ ကြေညာ

အိုင်အက်စ်အဖွဲ့၏နယ်မြေရာနှုန်းပြည့်ကို သိမ်းပိုက်နိုင်ပြီဟု အမေရိကန် မဟာမိတ် ဆီးရီးယားတပ်များ ကြေညာ

အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးခြေကုပ်ဖြစ်သောဆီးရီးယားအရှေ့ပိုင်းနယ်စပ် ဘတ်ဟိုရွာကို အမေရိကန်ကျောထောက်နောက်ခံပေးထားသော ဆီးရီးယားဒီမိုကရက်တစ် တပ်ပေါင်းစု (အက်စ်ဒီအက်ဖ်) က မတ် ၂၃  ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။

၂၀၁၄  ခုနှစ်ကစတင်ကာ ဆီးရီးယားနှင့် အီရတ် နယ်မြေများကိုသိမ်းပိုက်ထားခဲ့သော အိုင်အက်စ် အကြမ်းဖက်အဖွဲ့ထံမှ နယ်မြေရာနှုန်းပြည့် ပြန်သိမ်းပိုက်ကာအိုင်အက်စ်ခေတ်ကို အဆုံးသတ်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။

အိုင်အက်စ် ချေမှုန်းရေးအတွက် နိုင်ငံတကာမဟာမိတ်များ ငါးနှစ်ကြာစစ်ပွဲဆင်နွှဲခဲ့မှု အောင်ပွဲလည်းဖြစ်သည်။

အက်စ်ဒီအက်ဖ်သည် မတ် ၂၃ တွင် ဘတ်ဟိုရွာရှိအိုင်အက်စ် အလံနက် လွှင့်ထူခဲ့ဖူးသော အိမ်အထက်တွင် ၎င်းတို့၏ အဝါရောင်အလံကိုလွှင့်ထူခဲ့သည်။

အိုင်အက်စ် ချေမှုန်းရေးအတွက် အမေရိကန်ဦးဆောင်သော မဟာမိတ်လေတပ်များသည် လေကြောင်းတိုက်ခိုက်မှု အကြိမ်တစ်သိန်းကျော်  ပြုလုပ်ခဲ့သည်။

အီရတ်နှင့် ဆီးရီးယားတွင် တိုက်ပွဲများကြောင့် လူပေါင်းသောင်းချီသေဆုံးကာ၊ သိန်းချီပြီးအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

အိုင်အက်စ် သြဇာအကြီးဆုံးကာလဖြစ်သော လွန်ခဲ့သည့် လေးနှစ်ကအီရတ်နှင့် ဆီးရီးယားတွင် ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေသည် ဗြိတိန်နိုင်ငံခန့်ရှိပြီး လူရှစ်သန်းကျော် နေထိုင်သည်။

အိုင်အက်စ်သည် ပြိုကွဲသွားပြီဖြစ်သည့်တိုင်  ဆီးရီးယားနှင့်အီရတ်တွင် နေရာအနှံ့ ပျံ့ကျဲနေပြီး လျှို့ဝှက်အဖွဲ့ငယ်များအဖြစ်  တည်ရှိနေကာခေါင်းဆောင် အဘူဘာကာအယ် ဘာဒါဒီအသက်ရှင်နေခြင်း ရှိမရှိကိုလည်း ကွဲပြားစွာမသိရသေးပေ။