အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားအခြေစိုက် သေနတ်ကုမ္ပဏီတစ်ခုသည် တစ္ဆေသေနတ်များ ရောင်းချမှုဖြင့် တရားစွဲဆိုခံလိုက်ရသည်။
စာတိုက်အမှာစာဖြင့် သေနတ်အစိတ်အပိုင်းများကို ရောင်းချခြင်းဖြစ်ပြီး ယင်းတို့အားတပ်ဆင်လိုက်ပါက ထုတ်လုပ်မှုအမှတ်စဉ် မရှိ်သည့် သေနတ်တစ်လက်ဖြစ်လာ၍ တစ္ဆေသေနတ်များဟု ခေါ်ဆိုသည်။
တားမြစ်ထားသည့် ယင်းသေနတ် အစိတ်အပိုင်းများရောင်းချသည့် ယူအက်စ် ပက်ထရီယော့လက်နက်ကုမ္ပဏီကို ဥပဒေချိုးဖောက်မှုဖြင့် တရားစွဲဆိုကြောင်း နယူးဂျာစီအစိုးရရှေ့နေချုပ်က မတ်လ ၂၃ ရက်၌ ကြေညာခဲ့သည်။
နယူးဂျာစီပြည်နယ်တွင် တစ္ဆေသေနတ်ရောင်းချခြင်းကို လွန်ခဲ့သည့်နှစ်ကစတင်တားမြစ်ခဲ့ပြီး လွန်ခဲ့သည့်လက စတင်စုံစမ်းစစ်ဆေးခဲ့သည်။
ပက်ထရီယော့နှင့် အခြားကုမ္ပဏီ ၁၅ ခုထံသို့ လွန်ခဲ့သည့်ဒီဇင်ဘာကပင် တစ္ဆေသေနတ်များ၊ အစိတ်အပိုင်းများ ကြော်ငြာခြင်း၊ ရောင်းချခြင်းတို့ကို ရပ်ဆိုင်းရန် ပြည်နယ်အာဏာပိုင်များက စာရေးသား ပေးပို့ခဲ့ပြီးဖြစ်သည်။
သို့သော် ဖေဖော်ဝါရီလ၌ စုံစမ်းရေးမှူးတစ်ဦးက အေအာရ် ၁၅ တစ်ဝက်မောင်းပြန်ရိုင်ဖယ်အစိတ်အပိုင်းများ မှာယူခဲ့ရာတွင် ပက်ထရီယော့ကုမ္ပဏီက တစ်လအတွင်း ပေးပို့ခဲ့ခြင်းကြောင့် ဥပဒေချိုးဖောက်မှုဖြင့် ယခုတရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
သေနတ်ကုမ္ပဏီများသည် တစ္ဆေသေနတ်များကို တပ်ဆင်မှုပြီးစီးလုနီးဖြင့် ရောင်းချကာ အစိတ်အပိုင်းအချို့ ထပ်မံတပ်ဆင်လိုက်ရုံနှင့် သေနတ်အဖြစ် ပြည့်စုံသွားလေ့ရှိသည်။
ယင်းသေနတ်များကြောင့် ရာဇဝတ်မှုမြင့်မားလာ၍ နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူး ဒီမိုကရက်တစ်ပါတီဝင် ဖီလ်မာဖီသည် တစ္ဆေသေနတ်ပိတ်ပင်ရေးဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ခြင်းဖြစ်သည်။

















