သပိတ်ကျင်းမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့်တရားခံအား သက်ဆိုင်ရာက မတ် ၂၃ ရက်တွင် ဖော်ထုတ်ဖမ်းဆီးခဲ့သည်။
ဖြစ်စဉ်မှာ မတ် ၁၅ ရက် နံနက် ၇ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ် ရေယာဉ်ကျေးရွာ (ကြိမ်ချောင်း) နေ ဦး----နှင့် ဇနီးဖြစ်သူတို့သည် ယာခင်းတောသို့ ပဲကြီးကောက်ရန်သွားရောက်ခဲ့သည်။
ထိုသို့သွားရောက်စဉ် အသက်၁၄ နှစ်အရွယ် သမီးနှင့်အတူ မောင်နှစ်မသုံးဦးကို အဖွားဖြစ်သူနှင့် နေအိမ်တွင်ထားခဲ့သည်။
၁၄ နှစ်အရွယ် သမီးဖြစ်သူမှာ မွန်းလွဲ ၂ နာရီခန့်တွင် နွားရွေွှ့မည်ဟုဆိုကာ ထွက်သွားရာမှ ပြန်ရောက်မလာကြောင်း အဖွားဖြစ်သူက ယာတောမှ ပြန်ရောက်သူမိဘနှစ်ပါးကို ယင်းနေ့ညနေပိုင်း၌ ပြောပြခဲ့သည်။
သမီးဖြစ်သူကို လိုက်လံရှာဖွေစဉ် မတွေ့ရသောကြောင့် မတ် ၂၁ ရက် နံနက် ၆ နာရီတွင် တကောင်းနယ်မြေရဲစခန်းသို့ လူပျောက် အမှတ် ၂/၁၉ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့သည်။
ထိုသို့တိုင်ကြားပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် နေအိမ်အရှေ့ဘက် ၃ ဖာလုံခန့်အကွာ ကြံခင်းများအကြား သက်ကယ်များဖုံးအုပ်လျက် သေဆုံးနေသည့် သမီးဖြစ်သူ၏ ရုပ်အလောင်းကို သက်ဆိုင်ရာက ရှာဖွေတွေ့ရှိခဲ့သည်။
တကောင်းနယ်မြေရဲစခန်းက (ပ)၂၀/၁၉ ဖြင့် အမှုဖွင့်ကာ ရဲအုပ်အောင်မျိုးနှင့်အဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့သည်။
တစ်ရွာတည်းနေထိုင်သူ မြတ်သူအောင်(၂၅ နှစ်)ကို မတ် ၂၃ ရက်တွင် ဖမ်းဆီးခဲ့ပြီး စုံစမ်းဖော်ထုတ်ချက်အရ သေဆုံးသူ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်သဖြင့် ၄င်းကို ဆက်လက် အရေးယူထားသည်။

















