အစ္စရေးအလယ်ပိုင်းဒေသသို့ ဂါဇာဘက်မှ ဒုံးကျည်ပစ်ခတ်၊ ခုနစ်ဦး ဒဏ်ရာရ

အစ္စရေးအလယ်ပိုင်းဒေသသို့ ဂါဇာဘက်မှ ဒုံးကျည်ပစ်ခတ်၊ ခုနစ်ဦး ဒဏ်ရာရ

အစ္စရေးနိုင်ငံ အလယ်ပိုင်းဒေသသို့ မတ် ၂၅ ရက် နံနက်ပိုင်းတွင် ဂါဇာဘက်မှ ဒုံးကျည်ကျရောက်ပေါက်ကွဲသဖြင့် လူခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

တယ်လ်ဗီးမြို့ အရှေ့မြောက်ပိုင်း ရှာရွန် ဧရိယာတွင် နံနက်ပိုင်း၌  လေကြောင်းရန် အချက်ပေးဥသြသံများ ဆူညံခဲ့ပြီးနောက် ပေါက်ကွဲသံများ ဆက်လက်ကြားရကြောင်း ဒေသခံများက ပြောသည်။

ဒုံးကျည်သည် ဂါဇာကမ်းမြောင်ဒေသမှ  ပစ်ခတ်ခြင်းဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောသည်။

ဖာဆာဘာမြို့ မြောက်ပိုင်းရှိ မီမာရတ် ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲကာ အိမ်တစ်လုံး ပျက်စီးခဲ့သည်။

ဒဏ်ရာရသူများထဲတွင် အမျိုးသမီး နှစ်ဦး၊ ကလေးနှစ်ဦးနှင့် မွေးကင်းစ ကလေးငယ်နှစ်ဦးပါဝင်ကြောင်း မီဂန် ဒေးဗစ် အဒမ် ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။

အစ္စရေး၏ လူနေထူထပ်သော စီးပွားရေးမြို့တော် တယ်လ်ဗီးသို့ ဂါဇာဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ပြီး ၁၀ ရက်အကြာတွင် ယခုလို ပစ်ခတ်မှု ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

ထိုစဉ်က အစ္စရေးစစ်တပ်က ဂါဇာဘက်သို့ တန်ပြန်ပစ်ခတ်ခဲ့ပြီး တင်းမာမှုများ  မြင့်တက်ခဲ့ကာ ဂါဇာရှိ ဟားမာ့စ် ခေါင်းဆောင်ပိုင်းက မှားယွင်းပစ်ခတ်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သဖြင့် တင်းမာမှုများ လျော့ကျခဲ့သည်။

မတ် ၂၅ ရက်ပစ်ခတ်မှုအတွက် ဟားမာ့စ်ဘက်က ၎င်းတို့လက်ချက်ဟု ကြေညာခြင်း မရှိသေးကြောင်း တွေ့ရသည်။ ဂါဇာကို ဟားမာ့စ်အဖွဲ့က ထိန်းချုပ်ထားပြီး အစ္စရေးကို ချေမှုန်းရေး အတိအလင်း ကြေညာထားသော အဖွဲ့လည်းဖြစ်ကာ အစ္စရေးနိုင်ငံတွင်းထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်အများအပြား ပိုင်ဆိုင်ထားသည်။

ဂါဇာဒေသတွင် ဟားမာ့စ် အပြင် အစ္စလာမ္မမ် အစွန်းရောက်  အကြမ်းဖက်အဖွဲ့လည်း ရှိနေပြီး ဒုံးကျည်လက်နက်အများအပြား ပိုင်ဆိုင်ထားသည်။