နွမ်းပါးသူများကို အိတ်ထဲကပါစိုက်ကာ ပညာသင်ပေးသည့် ကင်ညာကျောင်းဆရာ ဒေါ်လာတစ်သန်းတန် ဆရာဆုချီးမြှင့်ခံရ

နွမ်းပါးသူများကို အိတ်ထဲကပါစိုက်ကာ ပညာသင်ပေးသည့် ကင်ညာကျောင်းဆရာ ဒေါ်လာတစ်သန်းတန် ဆရာဆုချီးမြှင့်ခံရ

ကွန်ပျူတာတစ်လုံး၊ အင်တာနက် နှေးနှေးသာရှိသည့် ကင်ညာရွာကျောင်းလေးတစ်ကျောင်းတွင် နွမ်းပါးသော တပည့်များ ပညာဆက်လက်သင်ကြားနိုင်ရေး မိမိရသည့် လစာငွေထဲကပါစိုက်ကာ ကူညီပေးခဲ့သည့် ကျောင်းဆရာတစ်ဦး ဒေါ်လာတစ်သန်းတန် နိုင်ငံတကာဂုဏ်ထူးဆောင် ဆရာဆုချီးမြှင့်ခံခဲ့ရသည်။

ကင်ညာကျောင်းဆရာပီတာတာဘီချီအား နိုင်ငံတကာဆရာဆုပေးအပ်ပွဲကို ဒူဘိုင်းရှိ အတ္တလန္တိတ် ဟိုတယ်တွင် ကျင်းပခဲ့သည်။

မစ္စတာတာဘီချီသည် ယခင်က အဝေးဆုံးသွားဖူးသည့်ခရီးမှာ ယူဂန်ဒါသို့ဖြစ်ကြောင်း၊ ဒူဘိုင်းခရီး၌ လေယာဉ်ပထမဆုံးစီးဖူးခြင်းဖြစ်ကြောင်း ပြောသည်။

“တကယ် ဝမ်းသာရပါတယ်။ ကမ္ဘာ့အထူးချွန်ဆုံး ဆရာတွေထဲမှာ အပါအဝင်ဖြစ်ရလို့လည်း ဝမ်းမြောက်ရပါတယ်” ဟု မစ္စတာတာဘီချီက ပြောသည်။

တာဘီချီသည် ကင်ညာနိုင်ငံအတွင်းပွာနီကျေးရွာတွင်  အထက်တန်းကျောင်းသားများအား သိပ္ပံဘာသာသင်ကြားပေးသည်။

ထိုရွာတွင် ကလေးသုံးပုံတစ်ပုံသည်  မိဘမဲ့ သို့မဟုတ် မိဘတစ်ဦးသာရှိသူများဖြစ်ကာ ဒေသသည်မိုးခေါင်ရေရှားဒဏ် မကြာမကြာ ခံရလျက်ရှိသည်။

ရွာကျောင်းသည် စာကြည့်တိုက်မရှိ၊ သိပ္ပံဓာတ်ခွဲခန်းမရှိသောကြောင့် ဆုရသည့် ဒေါ်လာတစ်သန်းကို ကျောင်းအဆင့်မြှင့်တင်ရေး၊ နွမ်းပါးသူများကူညီရေးအတွက် အသုံးပြုသွားမည်ဟု မစ္စတာတာဘီချီက ပြောသည်။

အခက်အခဲများစွာရှိသည့်တိုင် တာဘီချီသည် ၎င်း၏ တပည့်များ၊ အထက်တန်းပြီးဆုံးအောင် တက်နိုင်ရေး၊ ကောလိပ်တက်နိုင်ရေးနှင့် နိုင်ငံတကာပညာရေးပြိုင်ပွဲများတွင်ပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အားထုတ်ပေးနိုင်ခဲ့သည်။

နိုင်ငံတကာဆရာဆုကို ဗာကီဖောင်ဒေးရှင်းက ချီးမြှင့်ခြင်းဖြစ်ပြီး ငါးနှစ်မြောက်ချီးမြှင့်ခြင်းဖြစ်ကာ ဆုကြေးအများဆုံး ဆရာဆုလည်း ဖြစ်သည်။