ဗီဒီယိုအထောက်အထားသစ်များအရ မာလီနိုင်ငံအလယ်ပိ်ုင်းတွင် ဖြစ်ပွားခဲ့သည့် လူမျိုးစု အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ရပ်တွင် သေဆုံးသူ ၁၃၄ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
မတ် ၂၃ ရက် အရုဏ်မတက်မီ ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုမှာ တဘီတာလ် ပူလားကူ ဟု လူသိများသည့် ဖြူးလူမျိုးစု ကျေးရွာတစ်ရွာကို ဒူဂွန်လူမျိုးစု စစ်သွေးကြွများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများပေါ်ထွက်ခဲ့သည်။
သေဆုံးသူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိ်ုများ ပါဝင်ကြောင်း ဖြူးတို့က ပြောသည်။
အများစုသည် အိမ်များအတွင်း မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်ကာ အနည်းဆုံး ၅၅ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
မြို့တော် ဘမာကို၌ အလည်အပတ်ရောက်ရှိနေသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌ ဖရန်ကိုအစ် ဒီလာထရီက ပြောမထွက်နိုင်အောင်ဆိုးရွားသည့်တိုက်ခိုက်မှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နယူးယောက်ရှိ ကုလအတွင်းရေးမှူးချုပ်ရုံးကလည်း တိုက်ခိုက်မှုကိုရှုတ်ချခဲ့ပြီး တိုက်ခိ်ုက်သူများကို တရားမျှတစွာ စီရင်ရေး စုံစမ်းစစ်ဆေးရန် မာလီအာဏာပိုင်များကို တောင်းဆိုခဲ့သည်။
၂၀၁၃ ခုနှစ်က ပြင်သစ်ဦးဆောင်သည့် အစ္စလာမ္မစ် အစွန်းရောက်ဆန့်ကျင်ရေးစစ် ဆင်နွှဲခဲ့ရာ မာလီမြောက်ပိုင်း မြို့ပြဒေသမှ စစ်သွေးကြွများ မောင်းထုတ်ခံခဲ့ရပြီး တောတောင်ထူထပ်ရာတွင်ခိုလှုံ၍ ပြန်လည်တိုက်ခိ်ုက်ခဲ့သည်။
မာလီစစ်ဘက်နှင့် ကုလဝန်ထမ်းများ မကြာခဏတိုက်ခိုက်ခံရသည်။၂၀၁၅ ခုနှစ်မှစ၍ ဒူဂွန်နှင့် ဖြူးလူမျိုးစုအကြား တင်းမာမှုများလည်း ဖြစ်ပွားခဲ့သည်။
ဖြူးတို့သည် ဂျီဟတ်ဝါဒီများနှင့်ဆက်နွှယ်ကြောင်း ဒူဂွန်တို့ကစွပ်စွဲပြီး ဖြူးတို့ကလည်း ၄င်းတို့အား မာလီစစ်တပ်ထောက်ခံမှုဖြင့် ဒူဂုန်တို့က အကြမ်းဖက်သမားဟု တံဆိပ်ကပ်နေကြောင်း တုံ့ပြန်စွပ်စွဲခဲ့သည်။
မာလီအလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် ဒူဂွန်စစ်သွေးကြွများ၏ အရပ်သားများအပေါ် အနိုင်ကျင့်သတ်ဖြတ်မှုများသည် ထိန်းချုပ်မရ ဖြစ်နေကြောင်း လွန်ခဲ့သည့်ဒီဇင်ဘာ၌ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က သတိပေးထားသည်။

















