မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတွင် အမေရိကန်ကဆက်ဆံရေးရုံးဖွင့်လိုပါက ရုံးခန်းပေးရန် ဆွီဒင်သံရုံးကအသင့်ပြင်ဆင်ထားကြောင်း ဆွီဒင်သံတမန်များက ပြောသည်။
ပြုံယမ်းမြို့ သံတမန်ရပ်ကွက်ရှိ ဆွီဒင်သံရုံးအတွင်း နာမည်တပ်မထားသော အခန်းတစ်ခန်းကို အမေရိကန် ဆက်ဆံရေးရုံးခန်းအဖြစ် ဖွင့်လှစ်လိုက ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် နှစ်များစွာကတည်းက ထားရှိခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇွန်လကစင်ကာပူတွင် သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ တွေ့ဆုံပွဲမတိုင်မီကတည်းက ပြုံယမ်းတွင် အမေရိကန်က ဆက်ဆံရေးရုံးဖွင့်နိုင်ခြေရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လက ဗီယက်နမ်တွင် ဒုတိယအကြိမ် တွေ့ဆုံစဉ်ကလည်း သမ္မတထရမ့်သည် ဆက်ဆံရေးရုံးဖွင့်ရန် စိတ်ဝင်စားကြောင်း ပြသခဲ့သော်လည်း တွေ့ဆုံပွဲသည် သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့ရသည်။
“ဆက်ဆံရေးရုံးဖွင့်ဖို့ဆိုတာ ကောင်းတဲ့ စိတ်ကူးပါပဲ” ဟု သမ္မတထရမ့်က ပြောခဲ့ပြီး မစ္စတာကင်ကလည်း “ဒါ ကြိုဆိုသင့်တဲ့ကိစ္စပဲ” ဟုစကားပြန်မှတစ်ဆင့် ပြောခဲ့ကြောင်းတွေ့ရသည်။
ပြုံယမ်းရှိ ဆွီဒင်သံရုံးအတွင်းသို့ အေပီသတင်းထောက်တစ်ဦး ဝင်ရောက်ကာ ဆက်ဆံရေးရုံးခန်းအတွက် လျာထားသော အခန်းကိုကြည့်ခွင့်ရခဲ့သော်လည်း ဓာတ်ပုံရိုက်ယူခွင့် မရခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။
နှစ်နိုင်ငံဆက်ဆံရေးတင်းမာကာ တရားဝင်သံရုံးလည်း အပြန်အလှန် ဖွင့်လှစ်ထားခြင်းမရှိသော နိုင်ငံများသည် ဆက်ဆံရေးရုံးများဖွင့်လှစ်ကာ အဆက်အဆံမပြတ်အောင် ထိန်းထားကြသည်ကို တွေ့ရသည်။
အမေရိကန်သည် ယခင်က ကျူးဘားနှင့် အီရန်တို့တွင် အလားတူ ရုံးများဖွင့်လှစ်ခဲ့ဖူးသည်။

















