ရဟန်းခံရှင်ပြုအလှူပွဲအတွက် ငှားရမ်းထားသည့်ဆင်က အန္တရာယ်ပြုသဖြင့် ကလေးတစ်ဦးသေပြီး သုံးဦးဒဏ်ရာရ

ရဟန်းခံရှင်ပြုအလှူပွဲအတွက် ငှားရမ်းထားသည့်ဆင်က အန္တရာယ်ပြုသဖြင့် ကလေးတစ်ဦးသေပြီး သုံးဦးဒဏ်ရာရ

ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာ၌ ရဟန်းခံရှင်ပြုအလှူပွဲအတွက် ငှားရမ်းထားသည့်ဆင်က အန္တရာယ်ပြုသဖြင့် ကလေးတစ်ဦးသေပြီး သုံးဦးဒဏ်ရာရမှု မတ် ၂၄ ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၇ နာရီခန့်ကပေါင်မြို့နယ် ရင်းငြိမ်(မြောက်)ကျေးရွာအုပ်စု သဗြုချောင်ကျေးရွာ​​နေအလှူရှင်ဦးဇင်ယော်၏အိမ်တွင် ပြုလုပ်သည့် ရဟန်းခံရှင်ပြု အတွက် ဆင်ထီးတစ်ကောင်ကို ငှားရမ်းခဲ့သည်။

အလှူရှင်က ဆင်ပေါ်မှနေ၍  ငွေစက္ကူ၊ သကြားလုံးများကျဲချခဲ့ရာလူအုပ်မှဝိုင်းဝန်းလုယူကြသောကြောင့် ဆင်လန့်ပြီး မဏ္ဍပ်အတွင်းရှိ လူများကိုအစွယ်ဖြင့်ထိုးခြင်း၊ နှာမောင်းဖြင့်ရိုက်ခြင်းတို့ပြုမူခဲ့သည်။

ထိုသို့အန္တရာယ်ပြုမှုကြောင့် ဆင်ဦးစီး ဦးမွန်းလွဲမှာ ခြေသလုံးကျိုးဒဏ်ရာ၊ မယမင်းဦး (၈ နှစ်)တွင် ဦးခေါင်းဒဏ်ရာ၊ ဆင်အစွယ်ဖြင့်ထိုးမိသူ မောင်စိုးမင်းထွန်းနှင့် မောင်ကောင်းထက်စံ (၆ နှစ်)တို့တွင် နံရိုးကျိုးဒဏ်ရာများရရှိခဲ့သည်။

ဒဏ်ရာရရှိသူလေးဦးကို ပေါင်ဆေးရုံနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ကုသခဲ့ရပြီး မောင်ကောင်း ထက်စံ(၆ နှစ်)မှာ ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

ပေါင်မြို့မရဲစခန်းက (ပ)၁၀၇၁/၁၉ ဖြင့် ဆင်ဦးစီး ဦးမွန်းလွဲကို အမှုဖွင့်ထားသည်။