ဘဏ်သို့ငွေလာသွင်းသူထံမှ သိန်းရာနှင့်ချီပါ ငွေထုပ် ခိုးယူသူကို ဖမ်းမိ

ဘဏ်သို့ငွေလာသွင်းသူထံမှ သိန်းရာနှင့်ချီပါ ငွေထုပ် ခိုးယူသူကို ဖမ်းမိ

ဘဏ်သို့ငွေလာသွင်းသူထံမှ သိန်းရာနှင့်ချီပါ ငွေထုပ် ခိုးယူသူကို ဖမ်းဆီးရမိမှု မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် မတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် မုံရွာမြို့ နေ ကုမ္ပဏီတာဝန်ခံဦးသန်းထိန် (၄၆-နှစ်)သည် ငွေသွင်းရန်အတွက် ကုမ္ပဏီပိုင်ငွေ သိန်း(၁၃၀)ပါ အထုပ်တစ်ထုပ်နှင့် သိန်း(၃၅၀)ပါ အထုပ်တစ်ထုပ်တို့ကို မြန်မာ့စီးပွားရေးဘဏ်အတွင်း ငွေသွင်းကောင်တာရှေ့ တမံသလင်းပေါ်တွင် ချထားပြီး ငွေသွင်းရန် အလှည့်စောင့်နေခဲ့သည်။

မွန်းလွဲ ၁ နာရီခန့်တွင် ဦးသန်းထိန်က ငွေထုပ်နှစ်ထုပ်ကိုထားကာ ဘဏ်ကောင်တာသို့ အလှည့် သွားရောက်မေးမြန်းပြီး ပြန်လာခဲ့ရာ ငွေထုပ်နှစ်ထုပ်အနက် သိန်း(၃၅၀)ပါ အထုပ်မှာ ပျောက်ဆုံးနေသည်ကို သိရသဖြင့် မုံရွာမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။

မုံရွာမြို့မရဲစခန်းက(ပ)၇၂/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၀ အရ အမှုဖွင့်စုံစမ်းခဲ့သည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်(မုံရွာ)ရှိ CCTV မှတ်တမ်းများနှင့် ပတ်ဝန်းကျင်အခြေအနေတို့ကို ပူးပေါင်းအဖွဲ့က စုံစမ်းခဲ့သည်။

ထိုသို့စုံစမ်းနေစဉ် မတ် ၂၁ ရက်တွင် မြန်မာ့စီးပွားရေးဘဏ် (မုံရွာ)အတွင်း ငွေသွင်းရန် စောင့်ဆိုင်းနေသူ အမျိုးသားတစ်ဦး၏ ငွေထုတ်ကို ထပ်မံဆွဲယူစဉ် ပိုင်ရှင်ကတွေ့ရှိသဖြင့် ပြန်ပေး နေပုံကို CCTV မှတ်တမ်းမှ တွေ့ရှိခဲ့ပြီး ဘဏ်ဝန်ထမ်းများက သက်ဆိုင်ရာသို့အကြောင်းကြားခဲ့သည်။

CCTV မှတ်တမ်းတွင်ပါရှိသူ၏ ပုံကို ကူးယူ၍ သက်ဆိုင်ရာက မြန်မာ့စီးပွားရေးဘဏ်(မုံရွာ)အတွင်း ယင်းနေ့၌ပင်အသွင်ယူစောင့်ကြည့်ခဲ့ရာ နံနက် ၁၁ နာရီခွဲတွင် မှတ်တမ်းပုံပါ မုံရွာမြို့ ထနောင်းတောကျေးရွာနေ မြင့်ညိမ်း၊ ၄၀နှစ်ကို ဖမ်းဆီးရမိခဲ့သည်။

၄င်းကို သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ ဇန်နဝါရီ ၂၁ ရက် နေ့လည်ပိုင်းတွင် ဘဏ်အတွင်း အမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၃၅၀ ပါ ငွေထုပ်ကို ခိုးယူကြောင်း ပေါ်ပေါက်ခဲ့သည်။

ထိုသို့ ငွေထုပ်ကို ခိုးယူခဲ့ပြီးနောက် ငွေများအား နေအိမ်အိပ်ခန်းရှိ သေတ္တာထဲတွင် သိမ်းထားခဲ့ပြီး ယင်းငွေများဖြင့် အဖြူရောင်ယာဉ်တစ်စီးကိုသိန်း(၁၉၀)ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ယာဉ်အား နေအိမ်တွင် ထားရှိပြီး ကျန်ငွေဖြင့် ကားဂိုဒေါင်ဆောက်လုပ်ခြင်း၊ အိမ်ခြံဝန်းထရံပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ပြီး ရေစကြိုမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ သိန်း(၈၀)ခန့် လှူဒါန်းခဲ့ကြောင်း၊ မိခင်ဖြစ်သူအား မုံရွာမြို့ ရွှေဆိုင်မှ ကျပ် ၃၁၈၀ဝဝ ဖြင့် ရွှေနားကပ်တစ်ရံဝယ်ပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။