ပစ္စည်းလုလူသတ်သူ သုံးဦးကို ဖမ်းမိ

ပစ္စည်းလုလူသတ်သူ သုံးဦးကို ဖမ်းမိ

ပစ္စည်းလုယူကာ လူသတ်မှုကျူးလွန်ခဲ့သူသုံးဦးကို ဖမ်းဆီးရမိမှု ရွှေဘိုမြို့နယ်တွင် မတ် ၂၄ ရက်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မတ် ၁၆ ရက် ညနေ၅ နာရီခွဲတွင် ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်၊ ကြို့ပင်ကုန်းရပ်၊ သက္ကယ်တန်းချောင်း အနောက်ဘက်ခြမ်းပေ ၃၀ ခန့်မြင့်သည့် ကမ်းပါးရံကြား၌ လူတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် အသက် ၃၀ အရွယ် (စုံစမ်းဆဲ) အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာ(၅၇) ချက်ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

၄င်းနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းခဲ့ရာ သေဆုံးသူသည် ရွှေဘိုမြို့ အမှတ် ၁၀ ထူထောင်ရေးရပ်ကွက်နေ အောင်ကျော်ထက်(ခ) ထက်ထက် ၃၀ နှစ် ဖြစ်ပြီးမတ်လ(၁၆) ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ခြင်းဖြစ်သည်။

အောင်ကျော်ထက်(ခ) ထက်ထက်တွင် Scoopyi အနက်ရောင် ဆိုင်ကယ်တစ်စီး၊ MI ဟမ်းဆက်တစ် လုံး၊အခေါက်ရွှေ လက်စွပ်အပြားတစ်ကွင်း၊ သံကြိုးပုံပလက်တီနမ်ဆွဲကြိုးတစ်ကုံး စုစုပေါင်းတန်ဖိုး ၃၈ သိန်းဖိုးခန့် ဝတ်ဆင်ပါရှိသွားကြောင်းသိရသဖြင့် ရွှေဘိုမြို့ မရဲစခန်းက(ပ) ၂၄၃ / ၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။

သက်ဆိုင်ရာပူးပေါင်းအဖွဲ့က စုံစမ်းနေစဉ် မတ်၂၃ ရက် ည ၇ နာရီအချိန် ရွှေဘိုမြို့ အမှတ်(၁) ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် သေဆုံးသူကိုင်ဆောင်သည့် လက်ကိုင်ဖုန်းကို လူငယ်သုံးဦးက လာရောက်ရောင်းချသွားကြောင်း သတင်းရရှိခဲ့သည်။

အဆိုပါလူငယ်သုံးဦးဖြစ်သည့် ရွှေဘိုမြို့ အမှတ် ၂ ရပ်ကွက်နေ နေလင်းအောင် ၁၉ နှစ်၊ဟိန်းမိုးဇော် ၁၈နှစ်နှင့် ထိန်လင်းသူ(ခ) ဗုံတို  ၁၈ နှစ်တို့ကို သက်ဆိုင်ရာက မတ် ၂၄ ရက် နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးခဲ့သည်။

၄င်းတို့သည် ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည်ဟု ယူဆရသည့် သွေးစွန်းနေသော အရိုးအသွား ၉ လက်မ ခန့်ရှိဓားမြှောင်တစ်ချောင်းကိုသိမ်းဆည်းခဲ့ပြီး သေဆုံးသူ ဝတ်ဆင်သည့် ပလက်တီနမ်းဆွဲကြိုးတစ်ကုံးကို ဟိန်းမိုးဇော်နေအိမ်မှ သိမ်းဆည်းခဲ့ကာ အခြားသက်သေခံပစ္စည်းများသိမ်းဆည်းနိုင်ရန် သက်ဆိုင်ရာက ဆက်လက်စုံစမ်းလျက်ရှိသည်။