ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်ထွက်ခွာရေး(ဘရက်ဇစ်)လုပ်ငန်းစဉ်ကို လွှတ်တော်ကသာ ထိန်းချုပ်ကိုင်တွယ်ရန် ဗြိတိန်လွှတ်တော်၌ အမတ်များ မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ယင်းဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု ကတိမပေးကြောင်း ဝန်ကြီးချုပ်ထရီဆာမေက ပြောဆိုခဲ့သည်။
ဘရက်ဇစ်ကိုလွှတ်တော်ကထိန်းချုပ်ရန်အဆိုသည် ၃၂၉ မဲ၊ ၃၀၂ မဲဖြင့် မတ် ၂၅ ရက်က အတည်ဖြစ်ခဲ့သည်။
မည်သည့်ဘရက်ဇစ်လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားမည်ဆိုခြင်းကို မတ် ၂၇ ရက်မှစ၍ လွှတ်တော်ကသာ မဲပေးဆုံးဖြတ်ခြင်းဖြင့် ကိုင်တွယ်တော့မည်ဖြစ်သည်။
ထရီဆာမေအစိုးရနှင့် အီးယူအကြား သဘောတူညီထားသည့် ဘရက်ဇစ်မူကြမ်းကို ဗြိတိန်လွှတ်တော်က နှစ်ကြိမ် တိုင်တိုင် ပယ်ချခဲ့ပြီးနောက် အံ့အားသင့်ဖွယ်အလှည့်အပြောင်းအဖြစ် ဘရက်ဇစ်လုပ်ငန်းစဉ်ကို လွှတ်တော်က သိမ်းပိိုက်လိုက်ခြင်းဖြစ်သည်။
လွွှတ်တော်ဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်း၊ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများအကြား မျှခြေတည်ရှိမှု ပြောင်းပြန်လှန်သွားမည့်အန္တရာယ်ရှိကြောင်း ထရီဆာမေအစိုးရက ပြောဆိုခဲ့သည်။
လွှတ်တော်၏ မဲပေးဆုံးဖြတ်မှုသည် အီးယူနှင့်စေ့စပ်ညှိနှိုင်းမှုကင်းမဲ့စေမည့်ရလဒ်ဆီ ဦးတည်နိုင်ကြောင်းလည်း ထရီဆာမေကပြောသည်။
တစ်ဘက်ကမူ အီးယူနှင့်စီးပွားဆက်ဆံမှု ဆက်လက်ချည်နှောင်မည့် ပျော့ပြောင်းသည့်ဘရက်ဇစ်အစီအစဉ် ဖြစ်လာနိုင်ကြောင်း၊ အီးယူကလက်ခံနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုတချို့လည်းရှိသည်။
အီးယူမှဗြိတိန်ထွက်ခွာမည့်ရက်ကို မတ် ၂၉ ရက်မှ အနည်းဆုံး ဧပြီ ၁၂ ရက်သို့ရွှေ့ဆိုင်းမည့်ဥပဒေတစ်ရပ်ကို လွှတ်တော်က ယခုအပတ်အတွင်း အတည်ပြုရန် မျှော်လင့်ရသည်။
ဗြိတိန်အမတ်များအနေဖြင့် ဘရက်ဇစ်အရေးစေ့စပ်ရန် အချိန်မည်မျှယူမည်သို့မဟုတ် အီးယူပါလိီမန်ရွေးကောက်ပွဲများတွင် ဗြိတိန်ပါဝင်ရန် ထွက်ခွာမည့်ရက် ကြာရှည်ရွှေ့ဆိုင်းမည်လော ရွေးချယ်ရန်ရှိနေကြောင်း ဘရက်ဇစ်ရေးရာဝန်ကြီးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့သည်။
အီးယူပါလီမန်ရွေးကောက်ပွဲများကို မေ ၂၃ ရက်မှ ၂၆ ရက်အတွင်း ကျင်းပရန်ရှိနေသည်။

















