အမေရိကန်စစ်ဌာနချုပ်(ပင်တဂွန်)က ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ဖြတ်သန်းလာသည့် ဒုံးကျည်တစ်စင်းကို ဒုံးကျည်ကာကွယ်ရေးစနစ်သစ်တစ်ရပ်ဖြင့် အောင်မြင်စွာ ကြားဖြတ်တားဆီးနိုင်ခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ဗင်ဒါဘတ်လေတပ်စခန်းရှိ မြေအောက်စခန်းမှနေ၍ ကြားဖြတ်ဒုံးခွင်းဒုံး နှစ်စင်း ပျံတက်ခဲ့ပြီး မိုင် ၄၀ဝ၀ အကွာအဝေးရှိပစ်မှတ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအကွာအဝေးသည် တိုက်ချင်းပစ် ဒုံးကျည်များ ပျံသန်းသည့် အကွာအဝေးဖြစ်ကြောင်း သိရသည်။
ပစ်မှတ်တုဒုံးကျည်ကိုမူ ပစိဖိတ်သမုဒ္ဒရာအတွင်း မာရှယ်ကျွန်းစုများရှိ ရီကင်စမ်းသပ်စခန်းမှ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ရပ်လုံး ဒီဇိုင်းထုတ်ထားသည့်အတိုင်း အပြည့်အဝအလုပ်လုပ်ကြောင်း ဒုံးကျည်ကာကွယ်ရေးအေဂျင်စီညွှန်ကြားရေးမှူး လေတပ် ဒုတိယဗိုလ်ချုပ်ကြီး ဆမ်မြူရယ်အေဂရီယာဗီစ်က ပြောသည်။
စမ်းသပ်မှုရလဒ်က အလွန်ကြီးကျယ်သည့် ခြိမ်းခြောက်မှုတစ်ရပ်ကို ဟန့်တားနိုင်သည့်စွမ်းရည်ရှိကြောင်း သရုပ်ပြနိုင်ခဲ့သည်ဟုလည်း ဆိုသည်။
ယင်းဒုံးကျည်ကာကွယ်ရေးစနစ်ကို စတင်သုံးစွဲခဲ့သည်မှာ ဆယ်နှစ်ကျော်လာပြီဖြစ်သော်လည်း ယင်းဒုံးကျည်နှစ်စင်းဖြင့် ပစ်မှတ်တစ်ခုတည်းကို အတိအကျထိမှန်အောင် ပထမဆုံး ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆာလ်ဗို ကာကွယ်ရေးဟူ၍ အမည်ရသည့် ယင်းစနစ်က လက်တွေ့တိုက်ပွဲအခြေအနေတွင် တည်ကြက်များအပါအဝင် လှည့်စားမှုများရောထွေးနေသည့်ကြားမှ ပစ်မှတ်ကို ရှာဖွေပစ်ချနိုင်မည်ဖြစ်သည်။
သို့သော် ယခုစမ်းသပ်မှုအောင်မြင်ရုံနှင့် အမေရိကန်ပြည်ထောင်စုကို ဒုံးကျည်ရန်မှ အပြည့်အဝ ကာကွယ်နိုင်ဦးမည် မဟုတ်ကြောင်း၊ ဆက်လက်စမ်းသပ်လုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်း စိီမံကိန်းနှင့်ပတ်သက်သည့်ပညာရှင် လော်ရာဂရီဂိုက ပြောသည်။
ပင်တဂွန်သည် ဒုံးကျည်များကြားဖြတ်ပစ်ချနိုင်ရေးအတွက် နောက်ထပ် ဒေါ်လာဘီလျံပေါင်းများစွာ တောင်းခံထားပြီး ယင်းစီမံကိန်းကို အဓိကအားဖြင့် အလာစကာပြည်နယ်ရှိ ဖို့တ်ဂရီးလိုင်တွင် ဆောင်ရွက်နေသည်။
ယခုလ အစောပိုင်းက ကွန်ဂရက်လွှတ်တော်သို့ တင်ပြတောင်းခံထားသည့် ၂၀၂၀ ပြည့်နှစ် အမေရိကန်ကာကွယ်ရေးအသုံးစရိတ်တွင် ဒုံးကျည်ကာကွယ်ရေးအတွက် ဒေါ်လာ ၉ ဒသမ ၄ ဘီလျံ တောင်းဆိုထားသည်။

















