အွန်လိုင်းမှတစ်ဆင့်ခင်သူ အမျိုးသမီး နှင့်ချိန်းတွေ့ပြီး ရွှေထည်ပစ္စည်းလုယူသူကို ဖမ်းဆီးရမိမှု စစ်ကိုင်းမြို့တွင် မတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည်။
ဝက်လက်မြို့ကမ်းဖြူကျေးရွာနေ ထက်နေအောင်(ခ)ထက်မြတ်အောင် (၂၇ နှစ်)ကို မြစ်ငယ်တံတားအနီး၌ သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ လူမှုကွန်ရက်မှတစ်ဆင့် ခင်မင်ခဲ့သူ မန္တလေးမြို့ အမရပူရမြို့နယ်နေ အသက် ၂၄ နှစ်အရွယ်အမျိုးသမီးသည် ထက်နေအောင်နှင့် တွေ့ဆုံလိုကြောင်း ချိန်းဆိုသဖြင့် မတ်လ၉ရက် နံနက်၆နာရီခန့်တွင် မန္တလေးမြို့ စွယ်တော်ဘုရား၌ တွေ့ဆုံခဲ့ကြသည်။
စစ်ကိုင်းဘက်သို့ ဘုရားဖူးရန် အဆိုပါအမျိုးသမီးကို ထက်နေအောင်က ခေါ်ဆောင်ခဲ့ပြီး စစ်ကိုင်းမြို့ တင်းတိမ်ရပ်ကွက် တောလမ်းအတိုင်း ခေါ်ဆောင်ခဲ့သည်။
ထို့နောက် လူပြတ်သည့်နေရာအရောက် ဆိုင်ကယ်ကို ရပ်ကာ အမျိုးသမီးဝတ်ဆင်ထားသော ရွှေလက်စွပ်၊ လော့ကတ်သီးပါ ရွှေဆွဲကြိုးတစ်ကုံးစုစုပေါင်းကျပ် ၁၃သိန်းကျော်ဖိုးခန့်ကိုချွတ်ပြခိုင်းပြီး ဆွဲဖြတ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးက အော်ဟစ်မည်ပြုစဉ် ထက်နေအောင်က ဓားမြှောင်ထုတ်ပြခဲ့ပြီး ရွှေထည်ပစ္စည်းများကို ယူဆောင် ထွက်ပြေးခဲ့သည်။
အဆိုပါဖြစ်စဉ်ကို စစ်ကိုင်းမြို့မရဲစခန်း က(ပ)၃၃၀/ ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ အရ အမှုဖွင့်စုံစမ်းခဲ့ပြီး အမျိုးသမီး တစ်ဦး၏ အကူအညီဖြင့် မြစ်ငယ်တံတားအနီးတွင် ထက်နေအောင်ကို ထပ်မံချိန်းဆိုကာ ၎င်းလာရောက်စဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်စဉ်က ယူဆောင်သွားသည့် သက်သေခံပစ္စည်းများကို သက်ဆိုင်ရာက သိမ်းဆည်းကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။

















