လက်နက်ဥပဒေအတွက် သြစတြေးလျပါတီက အမေရိကန်ထံမှ ငွေတောင်းခဲ့ကြောင်း စွပ်စွဲခံရ

လက်နက်ဥပဒေအတွက် သြစတြေးလျပါတီက အမေရိကန်ထံမှ ငွေတောင်းခဲ့ကြောင်း စွပ်စွဲခံရ

သြစတြေးလျ ပါတီငယ်တစ်ခုသည် အမေရိကန် လက်နက်ဝါဒီများထံမှ နိုင်ငံရေးရန်ပုံငွေ တောင်းခံကာ သြစတြေးလျ လက်နက်ထိန်းချုပ်ရေးဥပဒေကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းခဲ့ကြောင်း သြစတြေးလျဝန်ကြီးချုပ်က မတ် ၂၆ တွင် စွပ်စွဲပြောကြားလိုက်သည်။

သြစတြေးလျ One Nation ပါတီမှ တာဝန်ရှိသူစတိဗ် ဒစ်ဆင်နှင့် ဂျိမ်းစ် အက်ရှ်ဘီတို့သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာက အမေရိကန်သို့ သွားရောက်ကာ အမျိုးသား ရိုင်ဖယ်အသင်းကြီး (အင်န်အာရ်အေ) အပါအဝင် လက်နက်ဝါဒီအဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး သြစတြေးလျ  လက်နက်ထိန်းချုပ်ရေးဥပဒေကို ချိနဲ့သွားစေရေးလော်ဘီလုပ်ပေးရန် နိုင်ငံရေးရန်ပုံငွေ တောင်းခံခဲ့ကြောင်း အယ်လ်ဂျားဇီးယားသတင်းဌာနက သက်သေအသံဖိုင်များ၊ ဗီဒီယိုများဖြင့် ဖော်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ် စကော့ မောရစ်ဆန်က အထက်ပါအတိုင်း ထပ်လောင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ပ နိ်ုင်ငံရေးအလှူငွေ လက်ခံခြင်းကို တားမြစ်ကြောင်း သြစတြေးလျ လွှတ်တော်က ဥပဒေမပြဌာန်းခင် ရက်သတ္တပတ်အနည်းငယ် အလိုခန့်က ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။တားမြစ်ဥပဒေသည်  ၂၀၁၉ဇန်နဝါရီ ၁  ရက်က စတင်သက်ရောက်ခဲ့သည်။

မေလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် One Nation ကိုမဲမပေးကြရန် ဝန်ကြီးချုပ် မော်ရစ်ဆန်က နှိုးဆော်လိုက်သည်။

ပြည်ပ နိုင်ငံရေးရန်ပုံငွေ လက်ခံခြင်းကို ပြစ်မှုအဖြစ် ပြဌာန်းခဲ့ခြင်းမှာလည်း ပြည်ပက သြစတြေးလျ နိုင်ငံရေးလောကကို လွှမ်းမိုးခြယ်လှယ်ခြင်းကို တားမြစ်ရန်ဖြစ်ကြောင်း ဝန်ကြီးချုပ် မော်ရစ်ဆန်က ပြောသည်။

ဝန်ကြီးချုပ် ဖြစ်လာနိုင်ခြေရှိသူအဖြစ် ရေပန်းစားနေသော အတိုက်အခံခေါင်းဆောင် ဘီ ရှိုတန်ကလည်း One Nation ပါတီသည် သြစတြေးလျ  နိုင်ငံရေးစနစ်ကို သစ္စာဖောက်ခြင်းဖြစ်ကြောင်း ရှုတ်ချပြောကြားလိုက်သည်။