စစ်အာဏာရှင်စနစ်ကို ဂုဏ်ပြုပွဲကျင်းပရန် ဘရာဇီး လက်ယာစွန်းသမ္မတ ညွှန်ကြား

စစ်အာဏာရှင်စနစ်ကို ဂုဏ်ပြုပွဲကျင်းပရန် ဘရာဇီး လက်ယာစွန်းသမ္မတ ညွှန်ကြား

ဘရာဇီးနိုင်ငံကို ဆယ်စုနှစ်နှစ်စုခန့် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့မှုကို ဂုဏ်ပြုပွဲများကျင်းပရန် စစ်မှုထမ်းဟောင်းဘဝမှ သမ္မတဖြစ်လာသည့် လက်ယာစွန်းဝါဒီ ဂျိုင်ယာ ဘိုဆိုနာရိုက ညွှန်ကြားလိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာနက စစ်အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်မှုနှင့်ပတ်သက်၍ ဂုဏ်ပြုပေးရန် တောင်းဆိုမှုကို သမ္မတ ဘိုဆိုနာရိုက အတည်ပြုပေးခဲ့ပြီး ကျရောက်မည့် စစ်အာဏာသိမ်းမှုစတင်ခဲ့သည့်  မတ် ၃၁ ရက်တွင် အခမ်းအနားများကျင်းပရန် ညွှန်ကြားခဲ့ကြောင်း အစိုးရ၏ပြောခွင့်ရှိသူ အော့တေးဗီယို ရဲဂို ဘာရိုစ်က ပြောသည်။

စစ်တပ်မှ ဗိုလ်ကြီးဟောင်း ဘိုဆိုနာရိုသည် ၁၉၆၄ ခုနှစ်တွင် စစ်တပ်က မတရားအာဏာသိမ်းခဲ့ခြင်းကို လက်မခံခဲ့ဘဲ ၁၉၆၄ မှ ၁၉၈၅ ခုနှစ်အထိ အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်ခဲ့သည့် အစိုးရအား ချီးကျူးစကားများကို အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ယင်းအချိန်ကသမ္မတဖြစ်သလို စစ်အစိုးရလက်ထက်တွင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသူတစ်ဦးလည်းဖြစ်သည့် ဒီလ်မာ ရိုဆက်အားစွပ်စွဲပြစ်တင်ပြီး ဖြုတ်ချရန် မဲပေးသည့်အခါ နှိပ်စက်ညှဉ်းပန်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သည့် ဗိုလ်မှူးတစ်ဦးကို ရည်ရွယ်ပြီး မဲပေးကြောင်း ဘိိုုဆိုနာရိုက ပြောဆိုခဲ့သည်။

သမ္မတဖြစ်လာပြီးနောက် ဘိုဆိုနာရိုသည် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်ဟောင်းများစွာကို ခန့်အပ်ခဲ့သည်။

ဖေဖော်ဝါရီအကုန်ပိုင်းတွင်လည်း ဘိုဆိုနာရိုသည် ပါရာဂွေးရှိ ကွယ်လွန်သူ စစ်အာဏာရှင် ဗိုလ်ချုပ် အဲဖရဲဒို စထရိုစ်နာသည် အမျှော်အမြင်ကြီးသူဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပြီးဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် ပါရာဂွေးကွန်ဂရက်စ်သည် စထရိုစ်နာ၏ ၃၅ နှစ်ကြာ အုပ်ချုပ်မှုကို အာဏာရှင်စနစ်အဖြစ် သတ်မှတ်သည့် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။

ယင်းကြောင့် စစ်အစိုးရခေတ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသူများသည် တရားစွဲဆိုခွင့်ရလာခဲ့သည်။

စထရိုစ်နာသည် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းဖြုတ်ချခံခဲ့ရပြီး ဘရာဇီးမြို့တော်သို့ တိမ်းရှောင်ခဲ့ကာ ၂၀ဝ၆ ခုနှစ်တွင် အသက် ၉၃ နှစ်အရွယ်၌ ကွယ်လွန်ခဲ့သည်။