နယ်စပ်တံတိုင်းဆောက်လုပ်ရေးအတွက် ဒေါ်လာတစ်ဘီလျံထုတ်ပေးရန် ပင်တဂွန်ညွှန်ကြား

နယ်စပ်တံတိုင်းဆောက်လုပ်ရေးအတွက် ဒေါ်လာတစ်ဘီလျံထုတ်ပေးရန် ပင်တဂွန်ညွှန်ကြား

အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနယ်စပ်တစ်လျှောက် တံတိုင်းဆောက်လုပ်ရေးအတွက် အင်ဂျင်နီယာတပ်အား ဒေါ်လာ တစ်ဘီလျံ လွှဲပြောင်းပေးရန် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က မတ် ၂၅ ရက်တွင် ညွှန်ကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကွန်ဂရက်စ်ကိုကျော်လွန်ပြီး လုပ်နိုင်ရန်အတွက် နယ်စပ်ဆိုင်ရာ အရေးပေါ်အခြေအနေကို ထုတ်ပြန်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ရန်ပုံငွေထုတ်ပေးခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ထရမ့်အစိုးရနှင့် ပင်တဂွန်တို့၏လုပ်ရပ်ကို ဒီမိုကရက်တစ်အမတ်များက ဆန့်ကျင်ခဲ့ကြသည်။

နယ်စပ်တစ်လျှောက် အရှည် ၅၇ မိုင်ရှိသော တံတိုင်းတည်ဆောက်ရာတွင် ယင်းငွေများကို အသုံးပြုမည်ဖြစ်သည်။

အမေရိကန်သမ္မတထရမ့်သည် တောင်ပိ်ုင်းနယ်စပ်ရှိ အခြေအနေကို အကျပ်အတည်းအဖြစ်ပြောဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင်းသို့ ရာဇဝတ်မှုကျူးလွန်သူများမဝင်ရောက်နိုင်ရန် တံတိုင်းဆောက်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြည်မကြီးလုံခြုံရေး၊အကောက်ခွန်နှင့် နယ်စပ်ကင်းလှည့်လည်ရေးဝန်ကြီးဌာန၏လုပ်ရပ်ကို အကူအညီပေးရန်အတွက် အမေရိကန်စစ်တပ်ရှိ အင်ဂျင်နီယာတပ်သည် တံတိုင်းဆောက်လုပ်ရေးအတွက် ဒေါ်လာ တစ်ဘီလျံကိုအသုံးပြုရမည်ဖြစ်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က ညွှန်ကြားခဲ့သည်ဟု ပင်တဂွန်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု၏နိ်ုင်ငံတကာနယ်စပ်မှတစ်ဆင့် မူးယစ်မှောင်ခိုသမားများမဝင်ရောက်နိုင်စေရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနသည် လမ်းများဖောက်လုပ်ပြီး တံတိုင်းများတည်ဆောက်ကာ လျှပ်စစ်မီးတပ်ဆင်ထားရှိခွင့်ရှိနေကြောင်း ပြည်ထောင်စုဥပဒေများတွင်ဖော်ပြထားသည်ဟု ပင်တဂွန်၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပင်တဂွန်သည် ကွန်ဂရက်ရှိ ကာကွယ်ရေးကော်မတီများကို ဦးစွာတင်ပြခြင်းမရှိကြောင်း ဒီမိုကရက်တစ်အမတ်များက ပြောဆိုခဲ့သည်။

တံတိုင်းဆောက်လုပ်ရန် ဒေါ်လာ ၅ ဒသမ ၇ ဘီလျံထုတ်ပေးရန် တောင်းဆိုမှုကို ကွန်ဂရက်စ်က ပယ်ချခဲ့ပြီးနောက် ထရမ့်သည် အရေးပေါ်အခြေအနေကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထရမ့်၏ကြေညာချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း ဒီမိုကရက်တစ်အမတ်များကပြောဆိုခဲ့သည်။ ဒီမိုကရက်များကြီးစိုးသည့် အောက်လွှတ်တော်သည် အရေးပေါ်အခြေအနေထုတ်ပြန်မှုကို လွန်ခဲ့သောလတွင် ပယ်ချခဲ့ပြီး အထက်လွှတ်တော်တွင်းမဲခွဲမှုတွင်လည်း ရီပတ်ဘလီကန်အမတ် ၁၂ ဦးသည် ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ်များနှင့် ပူးပေါင်းကာ ထုတ်ပြန်ချက်ကို ပယ်ချခဲ့သည်။

သို့သော် ယခုလအစောပိုင်းတွင် ထရမ့်သည် ကွန်ဂရက်စ်၏ဆုံးဖြတ်ချက်ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။