ထိုင်းရွေးကောက်ပွဲရလဒ်များ အကုန်အစင်မထုတ်ပြန်နိုင်သေး

ထိုင်းရွေးကောက်ပွဲရလဒ်များ အကုန်အစင်မထုတ်ပြန်နိုင်သေး

မတ် ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲရလဒ်များကို တစ်စိတ်တစ်ပိုင်းသာထုတ်ပြန်နိုင်သေးသော်လည်း ထိပ်တန်းပါတီကြီးနှစ်ခုသည် ၎င်းတို့သက်ဆိုင်ရာပါတီများသာ မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်း ပြောဆိုကာ အစိုးရဖွဲ့စည်းမည်ဖြစ်ကြောင်း ထုတ်ပြန်နေကြပြီဖြစ်သည်။

စစ်အစိုးရကခန့်အပ်ထားသူများပါဝင်သည့် ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒနယ် ၃၅၀ ရှိ ရလဒ်များကိုသာ ထုတ်ပြန်နိုင်သေးပြီး အောက်လွှတ်တော်အမတ်နေရာ ၁၅၀ အတွက် ထုတ်ပြန်ရန်လိုအပ်နေသေးသည်။

မဲရေတွက်မှုတွင် ပြဿနာများရှိနေသောကြောင့် ရလဒ်အပြည့်အစုံကို မတ် ၂၉ ရက်မှသာ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ကော်မရှင်ကထုတ်ပြန်ခဲ့သည်။

စစ်တပ်၏ထောက်ခံမှုရရှိထားသော ဖာလန်ပရာချာရက်ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် မဲအများဆုံးရရှိခဲ့ကြောင်း ကနဦးရလဒ်များအရ သိရသည်။

သို့သော် စစ်အစိုးရက ချမှတ်ထားသော ရှုပ်ထွေးသော ရွေးကောက်ပွဲစနစ်များအရ စစ်အစိုးရဆန့်ကျင်ရေး ဖြူထိုင်းပါတီသည် အောက်လွှတ်တော်တွင် အမတ်နေရာအများစုရရှိနိုင်ခြေရှိနေပြန်သည်။

ပါတီနှစ်ခုစလုံးက ၎င်းတို့သက်ဆိုင်ရာပါတီများသာ မဲအများဆုံးရရှိခဲ့သောကြောင့် အစိုးရဖွဲ့စည်းခွင့်ရှိနေကြောင်း ပြောဆိုခဲ့သည်။

စစ်အစိုးရက ခန့်ထားသူ ၂၅၀ ပါဝင်မည့် အထက်လွှတ်တော်သည် ဝန်ကြီးချုပ်ကို ရွေးကောက်တင်မြှောက်ဦးမည်ဖြစ်သည်။

ဝန်ကြီးချုပ်အတွက် မဲပေးမှုကို မေတွင် ပြုလုပ်ဖွယ်ရှိနေပြီး ဖာလန်းပရာချာရက်၏ကိုယ်စားလှယ်လောင်း လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် အခြားပြိုင်ဘက်များထက် အသာစီးရနေပြီဖြစ်သည်။

ပြည်ပတွင်တိမ်းရှောင်နေသည့် ဖြုတ်ချခံဝန်ကြီးချုပ် သက်ဆင်ရှင်နာဝတ်က ရွေးကောက်ပွဲတွင် မဲမမှန်မှုများရှိနေကြောင်း ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်သည် ရလဒ်များကို ထုတ်ပြန်ရန် နှောင့်နှေးနေခြင်း၊ နေရာတချို့တွင် မဲပြားအရေအတွက်သည် မဲဆန္ဒရှင်ဦးရေထက် ပိုများနေခြင်း၊ မဲပေးခွင့်ရှိသူဦးရေထက် နှစ်ဆခန့် လာရောက်မဲပေးခြင်း၊ပယ်မဲအရေအတွက် သံသယဖြစ်စရာကောင်းလောက်အောင် များပြားနေခြင်းတို့ကို သက်ဆင်က ထောက်ပြပြောဆိုခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်သည် အရည်အချင်းပြည့်ဝခြင်းမရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်မှုအဖွဲ့ ပီနက်ကပြောဆိုခဲ့သည်။

သက်ဆင်၏ပြောဆိုမှုသည် စပျစ်သီးကိုမမီသောကြောင့် ချဉ်သည်ဟုပြောသည့် မြေခွေးကဲ့သို့ဖြစ်နေသော်လည်း ရလဒ်များကိုထုတ်ပြန်ရန် နှောင့်နှေးခြင်း၊ မဲလာပေးသူဦးရေသည် ၁၀ဝ ရာခိ်ုင်နှုန်းထက်ကျော်လွန်နေခြင်းနှင့် ပယ်မဲအရေအတွက်များလွန်းခြင်း အစရှိသည့် သံသယဖြစ်စရာများရှိနေကြောင်း မီရှီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ အယ်လန် ဟစ်ကန်ကပြောသည်။

ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် မဲများကို စနစ်တကျရေတွက်နေခြင်းဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ချာရွန်ဝစ် ပွမ်မာကပြောဆိုခဲ့သည်။

ဖာလန်ပရာချာရက်ပါတီအကြီးအကဲ ဥတ္တမ သာဝနာယနက စိတ်တူကိုယ်တူပါတီများကို ဆက်သွယ်ပြီး အစိုးရဖွဲ့စည်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့သောကြောင့် ၎င်းတို့ကသာ အစိုးရဖွဲ့မည်ဖြစ်ကြောင်း ဖြူထိုင်းပါတီခေါင်းဆောင် သူဒရတနာ ကဲယူရာဖန်က ပြောဆိုခဲ့သည်။