ကမာရွတ်မြို့နယ်ရှိ ပန်းထိမ်လုပ်ငန်းတစ်ခုမှ ရွှေနှင့်ရတနာပစ္စည်းမျိုးစုံ ၄၆၅ သိန်းကျော်ဖိုးကို ခိုးယူသည့် ရဲဘက်တရားခံပြေးနှင့်အပေါင်းပါကို အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့က ဖော် ထုတ်ဖမ်းဆီးခဲ့သည်။
ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ အင်းယားလမ်းရှိ ပန်းထိမ်လုပ်ငန်းတစ်ခုတွင် ခိုးယူခံရခြင်းဖြစ်ပြီး ခိုးယူခံရသည်ကို မန်နေဂျာက ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် သိရှိခဲ့ပြီးနောက် ပိုင်ရှင်ဖြစ်သူက အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူသည် ယခင်က ပြစ်ချက်ဟောင်းရှိသည့် အင်းစိန်ဗဟိုအကျဉ်းထောင်မှ မင်းကုန်းစိုက် ပျိုးမွေးမြူရေးနှင့် အတတ်သင်စခန်းများတွင် ပြစ်ဒဏ်ကျခံနေရသူ သက်နိုင်ဝင်း(ခ)ကိုသက်(ခ)ငချို ၏ ပြစ်မှုကျူးလွန်ပုံနှင့်တူညီနေကြောင်း တွေ့ရှိခဲ့သည်။
၄င်းသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ရဲဘက်စခန်းမှ ထွက်ပြေးသွားကြောင်း ပေါ်ပေါက်ခဲ့သည်။
မတ် ၂၃ ရက် ညနေ ၆ နာရီတွင် အင်းစိန်မြို့နယ်လေးထောင့်ကန် စံပြရပ်ကွက် အတွင်းရှိတည်းခိုခန်းတစ်ခန်း၌ သက်နိုင်ဝင်း (၄၂ နှစ်)ကို ၎င်း၏တူဖြစ်သူ ထွန်းမင်းလတ် (၂၇ နှစ်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းသည် တိုင်ကြားထားသည့် ခိုးမှုကို ကျူးလွန်ခဲ့ကာခိုးယူ၍ရရှိခဲ့သည့်ရတနာပစ္စည်းများကို ထွန်းမင်းလတ်ကထုခွဲရောင်းချပေး ကြောင်း ပေါ်ပေါက်ခဲ့သည်။
ရရှိသောငွေများဖြင့် ဆိုင်ကယ်နှစ်စီး၊ ဖုန်းတစ်လုံးဝယ်ယူခဲ့သဖြင့် ၄င်းတို့ ခိုးယူခဲ့သည့် ပစ္စည်းများကိုရောင်းချထားသည့်နေရာများမှ သက်ဆိုင်ရာက သိမ်းဆည်းကာ ဆက်လက် အရေးယူထားသည်။

















