ဂါဇာရှိ ပါလက်စတိုင်း ဟားမတ်စ်စစ်သွေးကြွတို့က အစ္စရေးနယ်မြေတွင်းသို့ ဒုံးကျည်များဖြင့်ပစ်ခတ်မှု ပြန်လည် ပြုလုပ်လာပြီးနောက် အစ္စရေးစစ်တပ်ကလည်း ၂၀၁၄ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်။
အစ္စရေးတွင် ရွေးကောက်ပွဲကျင်းပရန် နှစ်ပတ်ပင် မလိုတော့သည့်အချိန်၌ ဟားမတ်စ်တို့က မတ် ၂၆ ရက်နှောင်းပိုင်းက ဒုံးကျည်များဖြင့် ပစ်ခတ်မှု အသစ်တဖန်ပြုလုပ်ခြဲ့ခင်းဖြစ်သည်။
တိုက်ခိုက်မှု၏ရည်ရွယ်ချက်သည် ပြန်လည်ရွေးကောက်ခံမည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတာယာဟုကို ဖိအားပေးရန်ဖြစ်ပုံရကြောင်း သုံးသပ်ကြသည်။
မတ် ၂၆ ရက်ညတွင် ဟားမတ်စ်က ဒုံးကျည်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး အစ္စရေးလေတပ်ကလည်း ဟားမတ်စ်ပစ်မှတ်များကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မတ် ၂၅ ရက်က အစ္စရေးအလယ်ပိုင်းတွင် ဟားမတ်စ်ဒုံးကျည် ကျရောက်ပေါက်ကွဲ၍ ခုနစ်ဦး ဒဏ်ရာရခဲ့သည့်နောက် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
တုံ့ပြန်တိုက်ခိုက်မှုကိုကွပ်ကဲရန် နေတန်ယာဟုက အမေရိကန်ခရီးစဉ်ကိုချုံ့၍ ပြန်လာခဲ့ရကာ ၄င်းနှင့်ဆွေးနွေးပြီးနောက် အစ္စရေးစစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အဗစ်ကိုဟာဗီက ဂါဇာနယ်စပ်တစ်လျှောက် တပ်များထပ်မံပို့လွှတ်ခဲ့သည်။ နေတာယာဟုသည် မူလက ဝါရှင်တန်တွင် အစ္စရေးလိုလားသည့် လော်ဘီအုပ်စုထံတက်ရောက် မိန့်ခွန်းပြောရန်ရှိရာ ယင်းအစား ဂြိုဟ်တုမှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့သည်။
မတ် ၂၆ ရက်ညက ဂါဇာကမ်းမြောင်တောင်ပိုင်းကို လေကြောင်းမှတိုက်ခိုက်ခံခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့သည်။
၂၀၁၄ ခုနှစ် စစ်ပွဲနောက်ပိုင်း အစ္စရေးက ဟားမတ်စ်တို့ကို အပြင်းထန်ဆုံးတိုက်ခိုက်နေခြင်းဖြစ်ပြီး နေတန်ယာဟုက မိမိတို့နိုင်ငံနှင့် ပြည်သူကိုကာကွယ်ရန် များစွာပြင်ဆင်ထားကြောင်း၊ လိုအပ်သလို ခုခံတုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၂၀ဝ၇ ခုနှစ်က ဂါဇာကို ဟားမတ်စ်တို့သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်း ဟားမတ်စ်နှင့် အစ္စရေးတို့သည် စစ်ပွဲသုံးကြိမ်ဆင်နွှဲခဲ့ကာ နယ်စပ်ထိတွေ့မှုများစွာလည်း ဖြစ်ပွားခဲ့သည်။
အစ္စရေးကိုဆက်လက်တိုက်ခိုက်နေပါက ဟားမတ်စ်ခေါင်းဆောင်များ ဂါဇာရှိလိုဏ်ခေါင်းများအတွင်း မြှုပ်နှံခံရမည်ဖြစ်ကြောင်း ကုလဆိုင်ရာ အစ္စရေးသံအမတ် ဒန်နီဒါနွန်က သတိပေးလိုက်ပြီး ဟားမတ်စ်တို့သည် အစ္စရေးပြည်သူများကို အကြမ်းဖက် တိုက်ခိုက်နေကြောင်း လုံခြုံရေးကောင်စီထံ တင်ပြခဲ့သည်။
လုံခြုံရေးကောင်စီအနေဖြင့် ဟားမတ်စ်တို့ကို ပြစ်တင်ရှုတ်ချရန်နှင့် ၄င်းတို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန်လည်း ဒန်နီဒါနွန်က တောင်းဆိုခဲ့သည်။

















