အစိုးရသစ်ဖွဲ့စည်းရန် အမတ်နေရာလုံလောက်စွာရရှိပြီဖြစ်ကြောင်း အဓိကအတိုက်အခံ ဖြူထိုင်းပါတီနှင့် အခြားနိုင်ငံရေးပါတီခြောက်ခု(စုစုပေါင်းပါတီခုနစ်ခု)က မတ် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် စစ်တပ်၏အာဏာသိမ်းဖြုတ်ချခံခဲ့ရသည့် ဖြူထိုင်းပါတီ၏ခေါင်းဆောင်နှင့် အခြားပါတီခြောက်ခုတို့၏ခေါင်းဆောင်များက အောက်လွှတ်တော်အမတ်နေရာ ၅၀ဝ အနက် ၂၅၀ ကျော်ကိုရရှိခဲ့ပြီဖြစ်သောကြောင့် အစိုးရသစ်ဖွဲ့စည်းလို့ရပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရကခန့်အပ်ထားသူများပါဝင်သည့် ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒနယ် ၃၅၀ ရှိ ရလဒ်များကိုသာ ထုတ်ပြန်နိုင်သေးပြီး အောက်လွှတ်တော်အမတ်နေရာ ၁၅၀ အတွက် ထုတ်ပြန်ရန်လိုအပ်နေသေးသည်။
မဲရေတွက်မှုတွင် ပြဿနာများရှိနေသောကြောင့် ရလဒ်အပြည့်အစုံကို မတ် ၂၉ ရက်မှသာ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ကော်မရှင်ကထုတ်ပြန်ခဲ့သည်။
စစ်တပ်၏ထောက်ခံမှုရရှိထားသော ဖာလန်ပရာချာရက်ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် မဲအများဆုံးရရှိခဲ့ကြောင်း ကနဦးရလဒ်များအရ သိရသည်။
သို့သော် စစ်အစိုးရက ချမှတ်ထားသော ရှုပ်ထွေးသော ရွေးကောက်ပွဲစနစ်များအရ စစ်အစိုးရဆန့်ကျင်ရေး ဖြူထိုင်းပါတီသည် အောက်လွှတ်တော်တွင် အမတ်နေရာအများစုရရှိနိုင်ခြေရှိနေပြန်သည်။
ပါတီနှစ်ခုစလုံးက ၎င်းတို့သက်ဆိုင်ရာပါတီများသာ မဲအများဆုံးရရှိခဲ့သောကြောင့် အစိုးရဖွဲ့စည်းခွင့်ရှိနေကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် စစ်အစိုးရက ခန့်ထားသူ ၂၅၀ ပါဝင်မည့် အထက်လွှတ်တော်သည် ဝန်ကြီးချုပ်ကို ရွေးကောက်တင်မြှောက်ဦးမည်ဖြစ်သည်။
ဝန်ကြီးချုပ်အတွက် မဲပေးမှုကို မေတွင် ပြုလုပ်ဖွယ်ရှိနေပြီး ဖာလန်းပရာချာရက်၏ကိုယ်စားလှယ်လောင်း လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် အခြားပြိုင်ဘက်များထက် အသာစီးရနေပြီဖြစ်သည်။
ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် မဲများကို စနစ်တကျရေတွက်နေခြင်းဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ချာရွန်ဝစ် ပွမ်မာကပြောဆိုခဲ့သည်။
ဖာလန်ပရာချာရက်ပါတီအကြီးအကဲ ဥတ္တမ သာဝနာယနက စိတ်တူကိုယ်တူပါတီများကို ဆက်သွယ်ပြီး အစိုးရဖွဲ့စည်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့သောကြောင့် ၎င်းတို့ကသာ အစိုးရဖွဲ့မည်ဖြစ်ကြောင်း ဖြူထိုင်းပါတီခေါင်းဆောင် သူဒရတနာ ကဲယူရာဖန်ကပြောဆိုခဲ့သည်။

















