အမေရိကန်ပြည်ထောင်စုတွင် ဆောက်သ်ဝက်စ်လေကြောင်းလိုင်းမှ ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်တစ်စင်း အင်ဂျင်ပြဿနာကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ဘေးကင်းခဲ့သည်။
မတ် ၂၆ ရက်က အော်လန်ဒိုနိုင်ငံတကာလေဆိပ်၌ ဆင်းသက်ခဲ့ရခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် တစ်ဦးတစ်ယောက်မျှ မပါရှိဘဲ လေဆိပ်သို့ ဘေးကင်းစွာ ပြန်လည်ဆင်းသက်ခဲ့သည်။
မတ် ၁၀ ရက်က အီသီယိုးပီးယားလေကြောင်းပိုင် ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်ပျက်ကျခဲ့ပြီးနောက် မတ် ၁၃ ရက်တွင် အမေရိကန်၌ ယင်းလေယာဉ်များ ပျံသန်းမှု ဆိုင်းငံ့ထားသည်။
အမေရိကန်လေကြောင်းလိုင်းများက ခရီးသည်မပါဘဲ ယင်းလေယာဉ်များ လွန်းပျံ ပျံသန်းခြင်းကိုမူ ခွင့်ပြုထားသည်။
မတ် ၂၆ ရက် ဆောက်သ်ဝက်စ်လေယာဉ်လွတ် အရေးပေါ် ဆင်းသက်မှုသည် အင်ဂျင်ပြဿနာကြောင့်သာ ဖြစ်ပြီး အီသီယိုးပီးယားလေယာဉ်ပျက်မှုနှင့် ယမန်နှစ် အောက်တိုဘာက ပျက်ကျခဲ့သည့် လိုင်းယွန်းလေကြောင်းလိုင်း လေယာဉ်ပျက်မှုများတွင် သံသယရှိသည့် လေယာဉ်လည်မထွက်အောင် ထိန်းချုပ်သည့် ဆော့ဖ်ဝဲချွတ်ယွင်းမှုမျိုးနှင့် မသက်ဆိုင်ကြောင်း ပြည်ထောင်စုလေကြောင်းစီမံမှုအဖွဲ့ (အက်ဖ်အေအေ)က ထုတ်ပြန်ခဲ့သည်။
အမေရိကန်သယ်ယူပို့ဆောင်ရေးဌာနသည် အက်ဖ်အေအေ၏ လေယာဉ်သစ်လိုင်စင်ထုတ်ပေးခြင်းအစီအစဉ်များကို ကျွမ်းကျင်သူများပါဝင်သည့် အထူးကော်မတီတစ်ရပ်ဖြင့် ပြန်လည်သုံးသပ်တော့မည်ဖြစ်သည်။
ကော်မတီတွင် အငြိမ်းစား လေတပ်ဗိုလ်ချုပ်ကြီး ဒါရန်မက်ဒူးနှင့် လေကြောင်းလိုင်းလေသူရဲများအစည်းအရုံး ဥက္ကဌဟောင်း လီမုတ်တို့ ခေါင်းဆောင်မည် ဖြစ်သည်။
အက်ဖ်အေအေနှင့် ဘိုးအင်းတို့သည် တရားရေးဌာန၊ သယ်ယူပို့ဆောင်ရေးဌာန စစ်ဆေးရေးချုပ်နှင့် လွှတ်တော်ကော်မတီများ၏ စုံစမ်းစစ်ဆေးခြင်း ခံနေရပြီဖြစ်သည်။

















