လိင်တူဆက်ဆံသူများအား မသေမချင်းကျောက်ခဲဖြင့် ပစ်ခတ်အပြစ်ပေးခြင်းနှင့် ခိုးမှုကျူးလွန်သူများအား လက်ကိုဖြတ်ခြင်း အစရှိသည့် ပြစ်ဒဏ်ပေးမှုများကို ကျင့်သုံးမည်ဖြစ်ကြောင်း ဘရူနိုင်းက ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဘရူနိုင်းနိုင်ငံ၏ ရှားရီယားပြစ်မှုဆိုင်ရာဥပဒေပါ ပုဒ်မသစ်များအရ ပြစ်ဒဏ်ပေးမှုများကို ပြုလုပ်မည်ဖြစ်ပြီး ဧပြီ ၃ ရက်မှစ၍ သက်ရောက်မည်ဖြစ်ကာ ကလေးငယ်များပင် မကျန် ပြစ်မှုကျူးလွန်ပါက သက်ညှာခွင့်ရမည်မဟုတ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကပြောဆိုခဲ့သည်။
ဘရူနိုင်းအုပ်ချုပ်သူ ဆူလ်တော်စော်ဘွားသည် နိုင်ငံတွင်း အစ္စလာမ်၏သြဇာပိုမိုဖြန့်ကျက်နိုင်ရေးအတွက် ရှားရီးယားပြစ်မှုဆိုင်ရာဥပဒေကို ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့သည်။
ဘရူနိုင်း၌ အများပြည်သူဆိ်ုင်ရာနေရာများတွင် အရက်သေစာရောင်းချခြင်းမပြုရန် ပိတ်ပင်ချက်များအပါအဝင် ရှေးရိုးဆန်သော မူဝါဒများကို ချမှတ်ကျင့်သုံးခဲ့ပြီးဖြစ်သည်။
ဘရူနိုင်းအုပ်ချုပ်သူများက အတည်ပြုလိုက်သည့် ဥပဒေသစ်များသည် ရက်စက်ကြမ်းကြုတ်သလို လူသားလည်းမဆန်သောကြောင့် ယင်းပြစ်ဒဏ်များကို ရုပ်သိမ်းပေးရန် နိ်ုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းပြောဆိုခဲ့သည်။
၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဥပဒေများ၏ပထမအဆင့်တွင် အိမ်ထောင်ရေးပြင်ပတွင် ကိုယ်ဝန်ရရှိခြင်းနှင့် သောကြာနေ့များတွင် ဝတ်ပြုဆုတောင်းရန် ပျက်ကွက်ခြင်းတို့အတွက် ဒဏ်ငွေနှင့် ထောင်ဒဏ်များချမှတ်မည်ဖြစ်သည်။
ဘရူနိ်ုင်း၌ လိင်တူချစ်ခြင်းသည် တရားမဝင်သော လုပ်ရပ်ဖြစ်ပြီး ယခင်ကဆိုလျှင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။
ယခုဆိုလျှင် လိင်တူဆက်ဆံခြင်း၊ လူမှုရေးဖောက်ပြန်ခြင်း၊ လိင်ပိုင်းအနိုင်ကျင့်ခြင်းကဲ့သို့ ပြစ်မှုများအတွက် မသေမချင်းကြိမ်ဒဏ်နှင့် ကျောက်ခဲဖြင့် ပစ်ခတ်ခြင်း အစရှိသည့် ပြစ်ဒဏ်များကျခံရမည်ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာ၏ဝေဖန်မှုများကြောင့် ဘရူနိုင်းသည် ကျောက်ခဲဖြင့် မသေမချင်းပစ်ခတ်မည့် ပြစ်ဒဏ်ချမှတ်ခြင်းကို ရွှေ့ဆိုင်းခဲ့သော်လည်း ဧပြီ ၃ ရက်မှစ၍ ကျင့်သုံးတော့မည်ဖြစ်သည်။
မလေးရှားပြည်နယ်နှစ်ခုကြားရှိ ဘရူနိုင်းသည် အစ္စလာမ်ပြစ်မှုဆိုင်ရာဥပဒေကို ပထမဆုံးအတည်ပြုခဲ့သည့် အရှေ့အာရှနိုင်ငံဖြစ်သည်။

















