ကမ္ဘာကြီးပူနွေးလာမှုကြောင့် အရေပျော်လာသည့် ရေခဲတောင်များနှင့် ဟိမဝန္တာတောင်တန်းအပေါ်
လေထုညစ်ညမ်းမှုက မည်ကဲ့သို့ သက်ရောက်မှုရှိမည်ကို လေ့လာရန်အတွက် အမေရိကန်ပြည်ထောင်စုမှ သိပ္ပံပညာရှင်တစ်စုသည် မတ် ၂၇ ရက်တွင် ဧဝရက်တောင်ဒေသသို့ ထွက်ခွာသွားပြီဖြစ်သည်။
အနောက်ဝါရှင်တန်တက္ကသိုလ်မှ ဂျွန်အောဦးဆောင်သော အဖွဲ့သည် လာမည့် နှစ်လအတွင်း ဒေသတွင်းနေထိ်ုင်ကာ ရေခဲ၊ နှင်းနှင့် စိုက်ခင်းများကို လေ့လာမည်ဖြစ်သည်။
မေတွင် အဖွဲ့ဝင်များသည် အမြင့် ၈၈၅၀ မီတာရှိသည့် ဧဝရက်တောင်နှင့် လော့ဆဲတောင်တို့ကိုတက်မည်ဖြစ်သည်။
အဖွဲ့သည် လေ့လာမှုအတွင်း နမူနာများကိုယူဆောင်ပြီးနောက် နီပေါရှိ ဒေသခံတက္ကသိုလ်၊အစိုးရအဖွဲ့အစည်းများနှင့်အတူ လေ့လာမှုပြုလုပ်မည်ဖြစ်သည်။
ပါမောက္ခ ဂျွန်အော ၂၀ဝ၉ ခုနှစ်တွင် စုဆောင်းခဲ့သည့် အချက်အလက်များနှင့် ယခုရရှိလာမည့် အချက်အလက်များကို ယင်းအဖွဲ့က နှိုင်းယှဉ်လေ့လာမည်ဖြစ်သည်။
အဖွဲ့သည် တောင်ပေါ်ရှိ နှင်းများ၏အရောင်နှင့် ဓာတ်သဘောတို့ကို လေ့လာမည်ဖြစ်သလို တောင်ခြေရှိ အပင်များကိုလည်း လေ့လာမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုက သီးပင်စားပင်များ၊ ရေခဲနှင့် ဒေသခံများအပေါ် မည်ကဲ့သို့သက်ရောက်မည်ကို လေ့လာမည်ဖြစ်ကြောင်း အောက အေပီသို့ပြောဆိုခဲ့သည်။
အောသည် ၂၀ဝ၉ ခုနှစ်တွင် ဧဝရက်တောင်ဒေသ၌ လေ့လာခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ဧဝရက်တောင်တက်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် သုတေသနခရီးထွက်ရင်း တောင်ပြိုမှုကြောင့် နီပေါနိုင်ငံသားတောင်တက်လမ်းပြရှာပါ ၁၆ ဦးသေဆုံးခဲ့သည်။
၂၀၁၅ ခုနှစ်မေတွင် အောက အခြားတောင်တစ်ခုတက်ရင်း ချောက်ထဲသို့ ၂၂ မီတာ( ၇၂ ပေ) အထိကျဆင်းသွားခဲ့ရာ နံရိုးများနှင့် ညာဘက်လက်မောင်းတို့ ကျိုးခဲ့သည်။
အောသည် ဒဏ်ရာရရှိခဲ့သော်လည်း ချောက်ထဲမှ ပြန်တက်နိုင်ခဲ့ကာ နောက်တစ်နေ့တွင် ကယ်ဆယ်ခြင်းခံခဲ့ရသည်။
၎င်းသည် ရေခဲခွဲပုဆိန်ကိုသုံးပြီး ချောက်ထဲမှ ပြန်တက်နိုင်ခဲ့သော်လည်း နံရိုးများကျိုးထားသောကြောင့် ဖြေးဖြေးသာ ရွေ့လျားနိုင်ခဲ့သည်။အခြားအဖွဲ့ဝင်များသည် တောင်အောက်တွင်ရှိနေပြီး ၎င်းကိုကယ်တင်နိုင်ရန် နှစ်ရက်ခန့် အချိန်ယူခဲ့ရသည်။

















