ကျန်းမာရေးမကောင်းသော သမ္မတကိုဖယ်ရှားရန် အယ်လ်ဂျီးရီးယားစစ်ဦးစီးချုပ် တောင်းဆို

ကျန်းမာရေးမကောင်းသော သမ္မတကိုဖယ်ရှားရန် အယ်လ်ဂျီးရီးယားစစ်ဦးစီးချုပ် တောင်းဆို

ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့်  အယ်လ်ဂျီးရီးယားသမ္မတ အက်ဘ်ဒယ်လာဇစ် ဘိုတဲဖလီကာသည် တာဝန်ဆက်လက်ထမ်းဆောင်ရန် သင့်လျော်ခြင်းမရှိကြောင်း အတည်ပြုနိုင်ရေး ဖွဲ့စည်းပုံဆိုင်ရာဖြစ်စဉ်ကိုစတင်ရန် နိုင်ငံတွင်း သြဇာကြီးမားသော စစ်ဦးစီးချုပ် ဗိုလ်ချုပ် အာမတ် ဂါယစ် ဆာလာက မတ် ၂၆ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အယ်လ်ဂျီးရီးယားကို နှစ်ပေါင်း ၂၀ ကြာအုပ်ချုပ်ခဲ့သည့် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသော ဘိုတဲဖလီကာနုတ်ထွက်ပေးရန် နိုင်ငံသားများက ချီတက်ဆန္ဒပြပြီး တစ်လအကြာတွင် စစ်ဦးစီးချုပ်က ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အသက် ၈၂ နှစ်အရွယ် ဘိုတဲဖလီကာသည် လေဖြတ်ခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ လူမြင်ကွင်းသို့ထွက်ခြင်းမရှိခဲ့ချေ။

နိုင်ငံရေးအရ တည်ငြိမ်မှုရှိရေးအတွက် သမ္မတတစ်ဦးသည် တာဝန်ထမ်းဆောင်နိုင်သည်အထိ ကျန်းမာရေးကောင်းမွန်မှုမရှိကြောင်း ဖွဲ့စည်းပုံကောင်စီက ဆုံးဖြတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မကိုသက်ရောက်စေရမည်ဖြစ်ကြောင်း ဂါယစ်ဆာလာက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့်ပြောဆိုခဲ့သည်။

စစ်ဦးစီးချုပ်သည် နိုင်ငံတွင်း သြဇာကြီးမားသူဖြစ်သလို ဘိုတဲဖလီကာအပေါ်လည်း သစ္စာရှိသူဖြစ်သောကြောင့် ၎င်း၏ထုတ်ပြန်ချက်သည် ထူးခြားနေသည်။

သို့သော် နိုင်ငံတော်သို့ မိန့်ခွန်းမပြောနိုင်သည်မှာ နှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သည့် ခေါင်းဆောင်တစ်ဦးကို ဆက်လက်အုပ်ချုပ်ခွင့်ပြုထားသည့် စနစ်တစ်ခုလုံးကိုပြောင်းလဲရန် နိုင်ငံသားများက တောင်းဆိုထားသောကြောင့် စစ်ဦးစီးချုပ်၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နိုင်ငံသားများသည် အထူးတလည်ဝမ်းသာအားရမဖြစ်ခဲ့ချေ။

ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ သောကြာနေ့တိုင်းတွင် နိုင်ငံသားများ ချီတက်ဆန္ဒပြခဲ့ပြီး ဘိုတဲဖလီကာ နုတ်ထွက်ရန်တောင်းဆိုခဲ့ကာ ၎င်းနှင့် နောက်လိုက်နောက်ပါများသည် နိုင်ငံတော်၏ကြွယ်ဝချမ်းသာမှုများကို အမြတ်ထုတ်ကာ သာမန်ပြည်သူများကို အလေးမထားကြောင်း ပြောဆိုခဲ့ကြသည်။

အယ်လ်ဂျီးရီယားနိုင်ငံသားများ၏ မှန်ကန်သော တောင်းဆိုမှုကို ရောင်ပြန်ဟပ်သည့်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မကို သက်ရောက်စေရန် လိုအပ်နေပြီဖြစ်ကြောင်း စစ်ဦးစီးချုပ် ဂါယစ် ဆာလာကပြောဆိုခဲ့သည်။

သို့သော် နိုင်ငံ့ခေါင်းဆောင်သာမက စနစ်တစ်ခုလုံးပါ ပြိုလဲပျက်စီးသင့်ကြောင်း အတိုက်အခံများကပြောဆိုခဲ့သည်။