လွန်ခဲ့သည့်လက စပိန်နိုင်ငံရှိ မြောက်ကိုရီးယားသံရုံးကို ဝင်ရောက်စီးနင်းခဲ့သူ ၁၀ ဦးတို့၏ခေါင်းဆောင် အန်ဒရီယန်ဟောင်ချန်းသည် စီးနင်းပြီးနောက်ရက်များတွင် အမေရိကန် အက်ဖ်ဘီအိုင်ထောက်လှမ်းရေးအဖွဲ့နှင့် ဆက်သွယ်ခဲ့ကြောင်း စပိန်တရားရုံးချုပ် တရားသူကြီးတစ်ဦးက ပြောသည်။
အမေရိကန်တွင် နေထိုင်သည့် မက္ကဆီကန်လူမျိုး အန်ဒရီယန်ဟောင်ချန်းသည် လစ္စဘွန်းမှတစ်ဆင့် အမေရိကန်သို့ ထွက်ပြေးခဲ့ပြီးနောက် အက်ဖ်ဘီအိုင်နှင့်ဆက်သွယ်ခဲ့ကြောင်း၊ စပိန်တရားသူကြီး ဂျိုဆေးဒီလာမာတာက ပြောဆိုသည်။
ဟောင်ချန်းသည် စီးနင်းမှုအပြီး ငါးရက်အကြာတွင် နယူးယောက်၌ အက်ဖ်ဘီအိုင်ကိုဆက်သွယ်ကာ ဖြစ်ပျက်ခဲ့ပုံကိုရှင်းပြပြီး အသံဖိုင်အထောက်အထားအချို့ လွှဲပြောင်းပေးခဲ့ကြောင်းလည်း ဒီလာမာတာက ပြောသည်။
ဟနွိုင်းတွင် ဖေဖော်ဝါရီ ၂၇-၂၈ ရက်က သမ္မတထရမ့်နှင့် ကင်ဂျုံအွန် ဒုတိယအကြိမ်တွေ့ဆုံမှုမတိုင်မီ ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် ယင်းသံရုံးတိုက်ခိုက်မှု မည်သည့်အတွက်ဖြစ်ပွားခဲ့ကြောင်း မသဲကွဲသေးပေ။ တိုက်ခိုက်မှုတွင် ဒီလာမာတာနှင့်အတူ အမေရိကန်နိုင်ငံသား ဆမ်ရူနှင့် တောင်ကိုရီးယားနိုင်ငံသား ဝူးရန်လီးတို့ ပါဝင်ခဲ့ပြီး ၄င်းတို့အပါအဝင် အဖွဲ့သားများ အုပ်စုခွဲ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
၄င်းတို့ကိုယ်၄င်းတို့ မြောက်ကိုရီးယားလွတ်မြောက်ရေး လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဟု ပြောဆိုခဲ့သည့်အုပ်စုသည် သံရုံးဝန်ထမ်းများကို နာရီပေါင်းများစွာ ပြန်ပေးဆွဲထားပြီး သံရုံးမှ မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများ၊ ဟာ့ဒစ်နှင့် ယူအက်ဖ်ဘီဒရိုက်များ ခိ်ုးယူသွားခဲ့သည်။
၄င်းတို့က မြောက်ကိုရီးယားအစိုးရဆန့်ကျင်သူ အုပ်စုတစ်ခုဖြစ်ကြောင်း စပိန်ရုပ်သံဌာနတစ်ခုက ထုတ်လွှင့်ခဲ့သည်။
စပိန်အစိုးရက အလိုရှိကြောင်း နိုင်ငံတကာဝရမ်း အနည်းဆုံးနှစ်ခုထုတ်ပြန်ခဲ့သည်။ထရမ့်နှင့် ကင်ဂျုံအွန် တွေ့ဆုံခြင်းမပြုမီ ဖြစ်ပွားခဲ့သည့် ယင်းစီးနင်းမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အမေရိကန်ထောက်လှမ်းရေးတို့ဘက်က တွန့်ဆုတ်ခဲ့ပြီး တုံ့ပြန်မှုများ သဲသဲကွဲကွဲ မရှိသေးပေ။

















