ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ အမျိုးသားဥယျာဉ်ဧရိယာအတွင်း နွံနစ်ပြီးပိတ်မိနေသည့် ဆင်ပေါက်လေးခြောက်ကောင်ကို ထိုင်းစစ်တပ်မှ ရိန်းဂျားစစ်သည်များက အချိန်မီကယ်ဆယ်နိုင်ခဲ့သည်။
မတ်လ ၂၈ ရက်က နာခွန်ရက်ချာစီမာပြည်နယ်၊ သက်လန် အမျိုးသားဥယျာဉ်၌ ဖြစ်ပွားခဲ့သည့် ယင်းကယ်ဆယ်ရေးဖြစ်စဉ်တွင် နွံနစ်နေသည့် ဆင်ပေါက်လေးများသည် ၄င်းတို့ဘာသာ နွံတွင်းထဲမှ ရုန်းတက်နိုင်စွမ်းမရှိတော့ကြောင်း ဥယျာဉ်ဝန်ထမ်းများကပြောသည်။
ယင်းကြောင့် ဝန်ထမ်းများနှင့် ရိန်းဂျားစစ်သည်များက ငါးနာရီကြာမျှအချိန်ယူ၍ နွံအိုင်ကိုချဲ့ထွင်တူးဆွပြီး ဆင်ပေါက်လေးများ ခြေကုပ်တက်လှမ်းနိ်ုင်ရန် ဆောင်ရွက်ခဲ့ရသည်။
ဆင်ပေါက်လေးများ နွံနစ်နေကြောင်းကို မတ် ၂၇ ရက်နေ့လည်ပိုင်း၌ ရန်းဂျားစစ်သည်များက စတင်တွေ့ရှိခဲ့ပြီး အကူအညီ ထပ်မံခေါ်ယူခဲ့ရကာ နောက်တစ်ရက်မှ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆင်ပေါက်လေးများနှင့် ဆက်နွှယ်သည့် ဆင်အုပ်သည် ယင်းဧရိယာဝန်းကျင်တွင် လှည့်လည်သွားလာနေပုံရကြောင်း ဥယျာဉ်အကြီးအကဲ ပရာဝက်ဆတ်က ပြောဆိုခဲ့သည်။

















