ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေနှင့် အီးယူခေါင်းဆောင်များ သဘောတူညီထားသည့် ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန် ထွက်ခွာရေး (ဘရက်ဇစ်)မူကြမ်းကို ဗြိတိန်လွှတ်တော်က တတိယအကြိမ်ပယ်ချလိုက်၍ ဘရက်ဇစ်အကျပ်ဆိုက်မှု ထပ်မံ ပေါ်ပေါက်နေပြီဖြစ်သည်။
မတ်လ ၂၉ ရက်က လွှတ်တော်က မဲခွဲဆုံးဖြတ်ရာတွင် ၃၄၄ မဲ၊ ၂၈၆ မဲဖြင့် ပယ်ချခဲ့ခြင်းဖြစ်ပြီး ယင်းကြောင့် ဗြိတိန်သည် အီးယူမှ ထွက်ခွာရေးကို သဘောတူညီချက်တစ်ရပ်နှင့်အတူ မေလ ၂၂ နောက်ဆုံးထားဆောင်ရွက်ရန် အီးယူသတ်မှတ်ချက်နှင့် လွဲချော်ရပြီဖြစ်သည်။
ရှေ့ဆက်ရန် စင်ပြိုင်နည်းလမ်း ရွေးချယ်ရမည်ဖြစ်ကြောင်းနှင့် အီးယူ ပါလီမန်ရွေးကောက်ပွဲတွင် ဗြိတိန်ပါဝင်ရန်လည်း သေချာသလောက်နီးပါး ရှိသွားပြီဖြစ်ကြောင်း ထရီဆာမေကပြောသည်။
အီးယူပါလီမန် ရွေးကောက်ပွဲများကို မေ ၂၃ မှ ၂၆ အတွင်း ကျင်းပရန်ရှိနေသည်။
ဘရက်ဇစ်မူကြမ်းသည် ပြောင်းလဲရတော့မည်ဖြစ်၍ ဝန်ကြီးချုပ်နုတ်ထွက်ရမည်ဖြစ်ကြောင်း အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရမီကော်ဘန်ကပြောဆိုခဲ့သည်။
ထရီဆာမေအနေဖြင့် ဧပြီ ၁၂ ရက်မတိုင်မီ ဘရက်ဇစ် ဆိုင်းငံ့မှုသက်တမ်းတိုးပေးရေး စေ့စပ်ညှိနှိုင်းရန် နည်းလမ်းရှာဖွေသွားရတော့မည်ဖြစ်သည်။ ဧပြီ ၁၂ ရက်သန်းခေါင်ယံ ဘရက်ဇစ်အရေး သဘောတူညီချက်မဲ့ဇာတ်ညွန်းအတွက် အီးယူမှ ကျန် ၂၇ နိုင်ငံတို့ အပြည့်အဝပြင်ဆင်ထားကြောင်း အီးယူကော်မရှင်အရာရှိတစ်ဦးက ပြောသည်။
ရှေ့ဆက်၍စင်ပြိုင်နည်းလမ်းရွေးချယ်ရန် လက်ခံပါက ဗြိတိန်လွှတ်တော်သည် ဘရက်ဇစ်အရေး အခြား ရွေးချယ်ဖွယ်ရာများ မဲပေးဆုံးဖြတ်ရန် ဧပြီ ၁ ရက်၌ စီစဉ်ရတော့မည်ဖြစ်သည်။
ဧပြီ ၁၀ ရက်၌ ကျင်းပမည့် အီးယူအဖွဲ့ အရေးပေါ်ထိပ်သီးစည်းဝေးပွဲတွင် ဘရက်ဇစ်ဆိုင်းငံ့မှုသက်တမ်းတိုးရေးကို ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်။ ဗြိတိန်၌ ဘရက်ဇစ်ကိုထောက်ခံသူနှင့်ဆန့်ကျင်သူတို့ ဆန္ဒပြပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်။
ဧပြီ ၁၂ ရက်သည် ဗြိတိန်ဘက်မှ ဘရက်ဇစ်အရေး အခြားနည်းလမ်းတင်ပြရန် နောက်ဆုံးရက်ဖြစ်ပြီး အီးယူဘက်မှလည်း ဘရက်ဇစ်အချိန်ဆိုင်းထားခြင်းကို နောက်ထပ်ခွင့်ပြုလိုခြင်းရှိမရှိ ဆုံးဖြတ်ရမည်ဖြစ်သည်။
အီးယူက ဘရက်ဇစ်မူကြမ်းကို ဗြိတိန်လွှတ်တော်က တတိယအကြိမ်မဲခွဲရာ၌ အတည်ဖြစ်လျှင် မေလ ၂၂ ရက် နောက်ဆုံးထားထွက်ခွာရန်၊ အတည်မဖြစ်က ဧပြီ ၁၂ နောက်ဆုံးထားထွက်ခွာရန် ကမ်းလှမ်းခဲ့သည်။
ဗြိတိန်လွှတ်တော်က ဘရက်ဇစ်အရေးကို လွှတ်တော်ကသာကိုင်တွယ်ရန်ဆုံးဖြတ်ခဲ့ပြီးနောက် မူကြမ်းကို တတိယအကြိမ် ပယ်ချလိုက်ခြင်း ဖြစ်သည်။

















