တရားမဝင် လူဝင်မှုများကို မက္ကဆီကိုအစိုးရအနေဖြင့် လာမည့်အပတ်များအတွင်း အမြန်ဆုံးမတားမြစ်လျှင် အမေရိကန်ပြည်ထောင်စု၏ တောင်ပိုင်းနယ်စပ်ကို ပိတ်ပစ်ရဖွယ်ရှိကြောင်း သမ္မတဒေါ်နယ်ထရမ့်က မတ်လ ၂၉ ရက်၌ ခြိမ်းခြောက်ပြောဆိုခဲ့သည်။
မိမိနောက်ပြောင်နေခြင်းမဟုတ်ကြောင်း၊ နယ်စပ်ပိတ်ပင်မှုဆိုရာတွင် ကုန်သွယ်မှုအားလုံးလည်း ပါဝင်နိုင်ကြောင်း၊ နယ်စပ်ကို ကာလကြာရှည်ပိတ်ပစ်နိုင်ကြောင်းလည်း ထရမ့်ကပြောဆိုခဲ့သည်။
အလယ်ပိုင်းအမေရိကမှ ရွှေ့ပြောင်း ခရီးသည်အုပ်စုအသစ်များ မက္ကဆီကိုကိုဖြတ်သန်း၍ အမေရိကန်ဆီဦးတည်နေပြန်ကြောင်း သတင်းထွက်ပေါ်လာချိန်တွင် ထရမ့်က နယ်စပ်ပိတ်ပင်ရန် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။
မက္ကဆီကိုသမ္မတ အန်ဒရက်စ်မန်နျူရယ်လိုပက်ဇ်အိုဘရာဒါက နိုင်ငံသည် တရားမဝင်ဝင်ရောက်မှုနှင့် လူမှောင်ခိုမှုများကို နှိမ်နင်းမှုတွင် ပါဝင်နေကြောင်း ပြောဆိုခဲ့ချိန်လည်းဖြစ်သည်။
အမေရိကန်သို့ဦးတည်သည့် ရွှေ့ပြောင်းများ မက္ကဆီကိုနိုင်ငံကိုဖြတ်သန်းခွင့် ရပ်ဆိုင်းရန် မက္ကဆီကို အာဏာပိုင်များကို အကြိမ်ပေါင်းများစွာ အလွန်ညင်ညင်သာသာပြောခဲ့သော်လည်း ၄င်းတို့သည် အမေရိကန် ငွေကြေးများသာယူ၍ အပြောသာရှိ အလုပ်မလုပ်ခဲ့ကြောင်းလည်း ထရမ့်က စွပ်စွဲခဲ့သည်။
အမေရိကန် မက္ကဆီကိုနှစ်ဘက်ကုန်သွယ်မှုမှာ ကြီးမားသဖြင့် နယ်စပ်ပိတ်ပစ်လိုက်ပါက နှစ်ဘက်စလုံးထိခိ်ုက်နစ်နာမည်ဖြစ်သည်။
နှစ်ဘက်ကုန်သွယ်မှုသည် နေ့စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံရှိကြောင်း၊ နယ်စပ်ပိတ်ပင်ပါက အမေရိကန်အလုပ်အကိုင်ငါးသန်းကို ထိခိုက်လာနိုင်ကြောင်း အမေရိကန်ကုန်သည်ကြီးများ အသင်းကပြောဆိုသည်။
သမ္မတထရမ့်သည် တောင်ပိုင်းနယ်စပ်တစ်လျှောက် တရားမဝင် ဝင်ရောက်မှုများတားဆီးရေး နယ်စပ်တံတိုင်းတည်ဆောက်ရန် ကတိပေးထားပြီး ကြိုးပမ်းခဲ့သော်လည်း နှစ်နှစ်ကျော်ကြာမြင့်သည့်တိုင် ကွန်ဂရက်လွွှတ်တော်၏ ပိတ်ဆို့မှုကြောင့် လိုအပ်သောရန်ပုံငွေမရရှိခဲ့ချေ။ ယင်းကြောင့် ထရမ့်က တောင်ပိုင်းနယ်စပ်၌ နိုင်ငံတော်အရေးပေါ်အခြေအနေကျရောက်ကြောင်း ကြေညာခဲ့ပြီး စစ်ဘက်တည်ဆောက်ရေးရန်ပုံငွေအချို့အဝက်ကို နယ်စပ်တံတိုင်းတည်ဆောက်ရေးအတွက် သုံးစွဲရန် ကြိုးပမ်းနေသည်။

















