ဘရူနိုင်းပိုင်ဟိုတယ်များကို သပိတ်မှောက်ရန် ဟောလီးဝုဒ်သရုပ်ဆောင်ဂျော့ချ်ကလူနေး နှိုးဆော်

ဘရူနိုင်းပိုင်ဟိုတယ်များကို သပိတ်မှောက်ရန် ဟောလီးဝုဒ်သရုပ်ဆောင်ဂျော့ချ်ကလူနေး နှိုးဆော်

လိင်တူချစ်သူများကို မသေမချင်းကျောက်တုံးဖြင့် ပစ်ပေါက်ရန် အပါအဝင် အစ္စလာမ္မစ် ရှားရီယား ပြစ်မှုဆိုင်ရာဥပဒေများ ပြဌာန်းခဲ့သည့် ဘရူနိုင်းနိုင်ငံကို ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်နှင့်ဥရောပရှိ ဘရူနိုင်းစော်ဘွားနှင့်ဆက်နွှယ်သည့်ဟိုတယ် ကိုးလုံးကို သပိတ်မှောက်ကြရန် သရုပ်ဆောင်ဂျော့ချ်ကလူနေးက နှိုးဆော်လိုက်သည်။
 

အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်သူများအတွက် ရန်ပုံငွေရရှိအောင် ကူညီကြပါမည်လောဟူ၍ ကျော်ကြားသည့် ဟောလီးဝုဒ်သရုပ်ဆောင်က မတ်လ ၂၈ ရက်၌ မေးခွန်းထုတ်ခဲ့သည်။

ရေနံသူဌေးနိုင်ငံဖြစ်သည့် ဘရူနိုင်းကိုအုပ်စိုးသူ ဆူလ်တန် ဟာဆန်နယ်လ် ဘိုလ်ကီအာနှင့် ဘရူနိုင်း ရင်းနှီးမြှုပ်နှံမှု အေဂျင်စီက ပိုင်ဆိုင်သည့် ဟိုတယ်များကို ဂျော့ချ်ကလူနေးက ရည်ညွန်းခြင်းဖြစ်သည်။

ယင်းဟိုတယ်များမှာ ဗြိတိန်ရှိ ဒေါ်ချက်စတာနှင့် ကေားဝပ်ပါ့ခ်၊ လော့စ်အိန်ဂျယ်လိစ်ရှိ  ဘီဗာလီဟီးလ်နှင့် ဟိုတယ်ဘီးလ်အဲ၊ ပါရီရှိ လီမာရိုက်စ်နှင် ပလာဇာအေသင်းန်၊ ရောမရှိ အေဒင်၊ မီလန်ရှိ ပရင်စီပဲဒီဆာဗိုအီယာတို့ ဖြစ်ကြသည်။

ဧပြီ ၃ ရက်မှစ၍ သက်ရောက်မည့်ဥပဒေသစ်အရ ကလေးငယ်များပါမကျန် ပြစ်မှုကျူးလွန်ပါက သက်ညှာခွင့်ရမည် မဟုတ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက မှတ်ချက်ပြုခဲ့သည်။

လိင်တူဆက်ဆံသူများအား မသေမချင်း ကျောက်ခဲဖြင့် ပစ်ခတ်အပြစ်ပေးခြင်းနှင့် ခိုးမှုကျူးလွန်သူများအား လက်ကိုဖြတ်ခြင်း အစရှိသည့် ပြစ်ဒဏ်ပေးမှုများကို ကျင့်သုံးမည်ဖြစ်သည်။

ဥပဒေသစ်များသည် ရက်စက်ကြမ်းကြုတ်သလို လူသားမဆန်သောကြောင့် ယင်းပြစ်ဒဏ်များကို ရုပ်သိမ်းပေးရန် နိ်ုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းထားသည်။