နိုင်ငံများသည် အမျိုးသမီးများအား အခွင့်အရေးတန်းတူညီမျှစွာမပေးသေးသရွေ့ ကမ္ဘာကြီးသည် အကြမ်းဖက်မှုနှင့် ပဋိပက္ခသံသရာလည်နေဦးမည်ဖြစ်ကြောင်း သရုပ်ဆောင်ဖြစ်သလို ပရဟိတသမားလည်းဖြစ်သည့် အန်ဂျလီနာ ဂျိုလီက မတ် ၂၉ ရက်တွင် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေး၌ ပြောဆိုခဲ့သည်။
ကမ္ဘာ့လူဦးရေထက်ဝက်ဖြစ်သော အမျိုးသမီးများအား ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့်အစိုးရအဖွဲ့များတွင် ပါဝင်ခွင့်မပေးသေးခြင်းသည် ရေရှည်တည်ငြိမ်ရေးလမ်းသို့ ဦးတည်နေခြင်းမဟုတ်ကြောင်း ကုလဒုက္ခသည်များအေဂျင်စီ၏အထူးကိုယ်စားလှယ်ဖြစ်သည့် ဂျိုလီကပြောဆိုခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် အောင်မြင်နေပြီး အခြားလူများအားကျရသည့် အမျိုးသမီးများရှိနေဆဲဖြစ်သော်လည်း စစ်ပွဲဒဏ်ခံရသူအများစုမှာ အမျိုးသမီးများဖြစ်နေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အာဏာအလွဲသုံးစားလုပ်မှု၊ ကျားမခွဲခြားမှု၊ အကြမ်းဖက်မှုနှင့် တရားမျှတမှုကင်းမဲ့ခြင်းတို့ကြောင့် အမျိုးသမီးများသည် အနှိမ်ခံ၊ အအုပ်ချုပ်ခံဘဝတွင် နေထိုင်နေဆဲဖြစ်ကြောင်း ဂျိုလီကပြောဆိုခဲ့သည်။
ဂျိုလီသည် အမျိုးသမီးများအရေးကို အဓိကထားပြောဆိုခဲ့သော်လည်း ဗဟုဝါဒနှင့် ဒုက္ခသည်အရေးတို့နှင့်ပတ်သက်၍လည်း ပြောဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုအပေါ် သစ္စာရှိသည့် မျိုးချစ်တစ်ဦးဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုသည် နိ်ုင်ငံတကာအသိုက်အဝိုင်းဖြစ်နေဆဲဖြစ်သည်ကို ယုံကြည်နေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ထို့ပြင် လူသားမျိုးနွယ်သည် ပိုမိုကြွယ်ဝလာပြီး နည်းပညာပိုင်းအရ ပိုမိုအဆင့်မြင့်လာချိန်တွင် လူသားဂုဏ်သိက္ခာကို အနိမ့်ဆုံးအထိ ကျဆင်းအောင် လုပ်ဆောင်နေသည့် လုပ်ရပ်များရှိနေဆဲဖြစ်ကြောင်း ဂျိုလီကပြောဆိုခဲ့သည်။

















