အဲပါဝါကြိုးမဲ့အားဖြည့်ပစ္စည်းသည် ကောင်းမွန်စွာ အလုပ်လုပ်ခြင်းမရှိသောကြောင့် ယင်းထုတ်ကုန်များထုတ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အက်ပဲလ်နည်းပညာကုမ္ပဏီကြီးက မတ် ၂၉ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ကြိုးမဲ့အားဖြည့်ပစ္စည်းကို ထုတ်လုပ်မည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဲပါဝါသည် အက်ပဲလ်ထုတ်နည်းပညာပစ္စည်းများကို ကြိုးမလိုဘဲ အားဖြည့်ပေးရန် ရည်ရွယ်ခဲ့သည်။
သို့သော် အဲပါဝါသည် အားဖြည့်ပေးနေရင်း အလွန်အမင်းပူပြင်းလာသည့်အတွက် အင်ဂျင်နီယာများသည် ဆက်လက်ထုတ်လုပ်ရန် တွန့်ဆုတ်လာခဲ့သည်။
အပြင်းအထန်ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက် အဲပါဝါသည် ၎င်းတို့ရည်မှန်းသော စံနှုန်းနှင့်အညီမဖြစ်နိုင်တော့ သောကြောင့် အဲပါဝါထုတ်လုပ်ခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကမ္ဘာ့ထိပ်တန်း ကြိုးမဲ့အားဖြည့်စနစ် ၂၀၁၈ ခုနှစ်အတွင်းဖြန့်ချိနိုင်မည်ဖြစ်ကြောင်း အက်ပဲလ်က ၂၀၁၇ ခုနှစ်တွင် ကြွေးကြော်ခဲ့သည်။
သို့သော် ယမန်နှစ်ကုန်ပိုင်းအထိ အိုင်ဖုန်းအမျိုးအစားသစ်များထုတ်လုပ်ရောင်းချခဲ့သော်လည်း အဲပါဝါမှာမူ အက်ပဲလ်စတိုးဆိုင်များသို့ရောက်ရှိခြင်းမရှိခဲ့ချေ။
အဲပါဝါထုတ်လုပ်ဖြန့်ချိမည့်နေ့ရက်ကိုစောင့်မျှော်နေသည့် ဖောက်သည်များကို တောင်းပန်ပါကြောင်း အက်ပဲလ်ဟက်ဝဲအင်ဂျင်နီယာဌာန၏အကြီးအကဲ ဒန်ရစ်စီယိုကပြောဆိုခဲ့သည်။
အဲပါဝါထုတ်လုပ်မှုကိုရပ်ဆိုင်းလိုက်သောကြောင့် အက်ပဲလ်၏ကြိုးမဲ့ ဟက်ဖုန်းအဲပေါ့စ်၏ရောင်းအားကျဆင်းသွားဖွယ်ရှိနေသည်။
အနာဂတ်တွင် အဲပေါ့စ်များကို အဲပါဝါဖြင့် အားဖြည့်နိုင်တော့မည်ဖြစ်ကြောင်း အက်ပဲလ်ကုမ္ပဏီက ကြွေးကြော်ခဲ့ဖူးသည်။

















