စစ်အာဏာရှင်စနစ် အောက်မေ့ပွဲများ မကျင်းပရန် ဘရာဇီးတရားသူကြီးတစ်ဦး ညွှန်ကြား

စစ်အာဏာရှင်စနစ် အောက်မေ့ပွဲများ မကျင်းပရန် ဘရာဇီးတရားသူကြီးတစ်ဦး ညွှန်ကြား

ဘရာဇီးနိုင်ငံ၌ ၁၉၆၄ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့မှုကို အောက်မေ့သည့်အနေဖြင့် ဂုဏ်ပြုပွဲများပြုလုပ်ရန် စီစဉ်နေခဲ့ရာ ယင်းကိုအကောင်အထည်ဖော်ခြင်းမပြုရန် တရားသူကြီးတစ်ဦးက ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်သည်။
 

အာဏာသိမ်းမှု ၅၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲများသည် ဒီမိုကရေစီနည်းကျပြန်လည်တည်ဆောက်ရေးဖြစ်စဉ်နှင့် လိုက်လျောညီထွေခြင်းမရှိသောကြောင့် ယင်းတို့ကို ပြုလုပ်ခြင်းမပြုရန် တရားသူကြီး အီဗာနီ ဆေလ်ဗာ ဒါ လူဇ်ကပြောဆိုခဲ့သည်။

စစ်တပ်ကိုလိုလားသည့် သမ္မတ ဂျိုင်ယာ ဘိုဆိုနာရိုသည် စစ်တပ်က အာဏာသိမ်းခဲ့သည့် မတ် ၃၁ ရက်တွင် အထိမ်းအမှတ်ပွဲများကျင်းပရန် ကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားထားပြီးဖြစ်သည်။

စစ်တပ်က အုပ်ချုပ်ခဲ့သည့် ခေတ်ကို ပြန်အမှတ်ရရန်ဖြစ်ပြီး စစ်အုပ်ချုပ်ရေးစနစ်ကို ဂုဏ်ပြုရန် မဟုတ်ကြောင်း ဘိုုဆိုနာရိုက ယခုအပတ်အစောပိုင်းတွင် ပြောင်းလဲပြောဆိုခဲ့သည်။

ဘိုဆိုနာရိုသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ၁၉၆၄- ၈၅ အာဏာရှင်အစိုးရကိုထောက်ခံခဲ့သူဖြစ်သည်။စစ်အာဏာသိမ်းမှုကို အမှတ်ရလိုပါက ကွန်ဂရက်စ်၏အတည်ပြုမှုကို ဦးစွာရယူရန်လိုအပ်ကြောင်း တရားသူကြီးကပြောဆိုခဲ့သည်။

၂၁ နှစ်ကြာ စစ်အာဏာရှင်စနစ်အတွင်း လူ ၄၃၄ ဦးသတ်ဖြတ်ခံရပြီး (သို့မဟုတ်) ပျောက်ဆုံးခဲ့ပြီးဖြစ်သည်။ယင်းအချိန်ကအာဏာရခဲ့သည့်စစ်ခေါင်းဆောင်တစ်ဦးတစ်ယောက်မှ စွပ်စွဲပြစ်တင်ကာ အပြစ်ပေးခံရခြင်းမရှိခဲ့ချေ။

သို့သော် နိုင်ငံတကာဥပဒေများအရ ဘရာဇီးစစ်အာဏာရှင်များသည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း ဘရာဇီးပြည်ထောင်စုဥပဒေအရာရှိရုံးက ဝေဖန်ပြောဆိုခဲ့သည်။

သမ္မတနှင့် စစ်တပ်တို့၏လုပ်ရပ်ကို ဆန့်ကျင်သည့်အနေဖြင့် နိ်ုင်ငံတစ်ဝန်းချီတက်ဆန္ဒပြမည်ဖြစ်ကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများကပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ယင်းအချိ်န်က သမ္မတ ဒီလ်မာ ရိုဆက်သည် အာဏာသိမ်းမှု ဂုဏ်ပြုပွဲများကျင်းပနေမှုကိုရပ်ဆိုင်းရန် စစ်တပ်ကိုတောင်းဆိုခဲ့သည်။

မတ် ၃၁ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သည်ကို သမ္မတက အာဏာသိမ်းမှုအဖြစ် မမြင်ကြောင်း လက်ရှိအစိုးရ၏ပြောခွင့်ရှိသူ အော်တာဗီယို ရဲဂို ဘာရိုစ်က ပြောဆိုခဲ့သည်။