ဆော့ဖ်ဝဲအားနည်းချက်ကြောင့် ရလဒ်များထုတ်ပြန်ရန်နှောင့်နှေးရခြင်းဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

ဆော့ဖ်ဝဲအားနည်းချက်ကြောင့် ရလဒ်များထုတ်ပြန်ရန်နှောင့်နှေးရခြင်းဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

မတ် ၂၄ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရရှိခဲ့သော မဲများကိုရေတွက်ရာ၌ အသုံးပြုသော ဆော့ဖ်ဝဲတွင်အားနည်းချက်များရှိနေသောကြောင့် ရွေးကောက်ပွဲရလဒ်များထုတ်ပြန်ရာတွင် ရှေ့နောက်မညီခြင်းနှင့် နှောင့်နှေးခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က မတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မဲရုံများစွာမှ တစ်ချိန်တည်းတွင် ဝင်ရောက်လာသည့် မဲစာရင်းများကို ဆော့ဖ်ဝဲက ကိုင်တွယ်ရာတွင် အားနည်းချက်များရှိခဲ့ရာ တစ်ခါတစ်ရံတွင် မမှန်ကန်သော စာရင်းများကို ဖော်ပြမိခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ရလဒ်စာရင်းထုတ်ပြန်ရာတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြောဆိုမှုများရှိခဲ့သည့်အတွက် ကော်မရှင်က တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့များကို ဖြုတ်ချရေးအတွက် တောင်းဆိုမည်ဖြစ်ကြောင်း နိုင်ငံရေးလှုပ်ရှားသူများက ပြောဆိုခဲ့သည်။

ဝေဖန်မှုများရှိခဲ့သည့်အတွက် မတ် ၂၈ ရက်တွင် ကော်မရှင်သည် စာမျက်နှာ ၂၀၈ မျက်နှာရှိသည့် မဲစာရင်းကို ထုတ်ပြန်ခဲ့သော်လည်း မဲရေတွက်မှုတွင် အမှားအယွင်းများက ရှိနေဆဲဖြစ်သည်။

စစ်တပ်ကိုထောက်ခံသည့် ပါတီသည် မဲအများဆုံးရရှိခဲ့ပြီး ယင်းနောက် ၂၀၁၄ ခုနှစ်တွင် စစ်တပ်၏အာဏာသိမ်းဖြုတ်ချခြင်းခံခဲ့ရသည့် ပါတီသည်လည်း ဒုတိယမဲအများဆုံးတွင် ရပ်တည်နေကြောင်း ကော်မရှင်က ထုတ်ပြန်သည့် မဲစာရင်းများအရ သိရသည်။

စစ်တပ်၏ထောက်ခံမှုရရှိထားသော ဖာလန်းပရာချာရက်ပါတီသည် လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာအား ခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိနေသည်။ ဖာလန်းပရာချက်ပါတီ၏အဓိကပြိုင်ဘက်မှာ ၂၀ဝ၆ ခုနှစ်တွင် အာဏာသိမ်းဖြုတ်ချခံရပြီး ပြည်ပတွင် တိမ်းရှောင်နေသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်နှင့်ပတ်သက်မှုရှိသည့် ဖြူထိုင်းပါတီဖြစ်သည်။ဖြူထိုင်းပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းမှာ ဆူဒါရက် ကဲယူရာဖန်ဖြစ်သည်။

အောက်လွှတ်တော်တွင်း အမတ်နေရာအများစုကိုထိန်းချုပ်ထားရန် အခြားပါတီများနှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ဖြူထိုင်းက မတ် ၂၈ ရက်တွင်ထုတ်ပြန်ခဲ့သည်။

သို့သော် စစ်တပ်က ခန့်အပ်ထားသူများသာပါဝင်မည့် အထက်လွှတ်တော်ကလည်း ဝန်ကြီးချုပ်ကို မဲပေးရွေးချယ်မည်ဖြစ်သောကြောင့် အောက်လွှတ်တော်တွင် အမတ်နေရာအများစုရရှိထားခြင်းဖြင့် အာဏာချုပ်ကိုင်ရန်ဖြစ်နိုင်မည်မဟုတ်ချေ။

အထက်လွှတ်တော်အဖွဲ့ဝင်များသည် ပရာယုကိုသာ ဝန်ကြီးချုပ်အဖြစ် မဲပေးဖွယ်ရှိနေသည်။