ချမ်းမြသာစည်မြို့နယ်ရွှေတစ်ချောင်းတံတားပေါ်တွင် လူတစ်ဦးကို လုယူရန်ချိန်းဆိုပြီး ဓားဖြင့်ထိုးသတ်မှုကျူးလွန်သူ လူငယ်ငါးဦးအနက် သုံးဦးကိို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ တိမ်းရှောင်နေသူနှစ်ဦးကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းနေကြောင်း မတ် ၃၁ ရက်၌ ရဲတပ်ဖွဲ့ က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မတ်၂၃ ရက်ည ၉ နာရီတွင်မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက် မှော်တောင်ရပ်ကွက်၊ စစ်ကိုင်း - မန္တလေး ကားလမ်းနှင့် (၈၆)လမ်းကြားရှိ ရွှေတစ်ချောင်းတံတားပေါ်၌ လူတစ်ဦးထိုးသွင်းဒဏ်ရာများဖြင့်လဲကျနေကြောင်းသတင်းအရမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင်Scoopyiအပြာရောင်ဆိုင်ကယ်တစ်စီးနှင့် ထိုးသွင်းဒဏ်ရာများနှင့်လဲကျနေသည့် အသက်(၄၀)အရွယ်ခန့်အမျိုးသားတစ်ဦးကိုတွေ့ရှိသဖြင့်မန္တလေးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ကုသစဉ်သေဆုံးသွားခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ သေဆုံးသူမှာ မျိုးမျိုး(ခ)မျိုးမင်းဦး ဖြစ်ကြောင်းသိရှိရသဖြင့် ချမ်းမြသာစည်မြို့မရဲစခန်းက (ပ)၁၈၅/ ၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းခဲ့သည်။
ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သေဆုံးသူမျိုးမျိုး(ခ) မျိုးမင်းဦး ၏ လက်ကိုင်ဖုန်းရှိ ဖေ့စ်ဘွတ်ခ် မက်ဆန်ဂျာတွင်SharrWanaအကောင့်ဖြင့်လူငယ်တစ်ဦးနှင့်တွေ့ဆုံရန်ချိန်းဆိုထားသည့် အချက်အလက်များစတင်တွေ့ရှိခဲ့ပြီး လူငယ်က၄င်းကိုင်ဆောင်သည့် ဖုန်းနံပါတ်ကို ထည့်သွင်း ရေးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
အသွင်ယူရဲမေတစ်ဦး၏ အကူအညီဖြင့် အဆိုပါ လက်ကိုင်ဖုန်းသို့ ဆက်သွယ်ခဲ့ရာ ဖုန်းပိုင်ရှင်က ညနေ(၅)နာရီအချိန် မဟာမုနိဘုရားကြီးပန်းခြံတွင် လာရောက်တွေ့ဆုံမည်ဟုပြောဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များကသွားရောက်စောင့်ဆိုင်းခဲ့သည်။
၎င်းအမျိုးသားက(၄၁)လမ်း၊သားရေစက်ရုံရှေ့တွင်ဆိုင်ကယ်ဆီပြတ်နေ၍လာရောက်ရန်ဖုန်းဖြင့်ထပ်မံဆက်သွယ်ပြောဆိုလာသောကြောင့်သွားရောက်ဖမ်းဆီးခဲ့ရာ ဖုန်းပိုင်ရှင်ဖြစ်သူ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်နေသီဟအောင်(၁၅)နှစ်နှင့်တစ်ရပ်ကွက်တည်းနေခွန်းဆက်မျိုးအောင်(ခ)နောင်နောင်(၁၄)နှစ်တို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
အမှုနှင့်ပတ်သက်၍ ၄င်းတို့နှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာ မတ် ၂၃ ရက် ည ၆ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်ရှိလက်ဖက်ရည်ဆိုင်၌ တစ်ရပ်ကွက် တည်းနေညီညီလွင် (၁၅)နှစ်၊ ဝေလင်းဦး (စိစစ်ဆဲ)နှင့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်(၁၉)နှစ်တို့(၃)ဦးနှင့် တွေ့ဆုံခဲ့သည်ဟု ရဲထံထွက်ဆိုခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင် မှ “ငါတို့ငွေလိုနေတယ်၊ မင်းတို့ လိုင်းပေါ်မှာ တွေ့ထားတဲ့သူရှိရင်ချိန်းလိုက်၊ငါတို့ဝင်လုမယ်ဟု” ပြောဆိုခဲ့သဖြင့် သီဟအောင်နှင့် ခွန်းဆက် မျိုးအောင် (ခ)နောင်နောင်တို့က သေဆုံးသူ မျိုးမျိုး(ခ)မျိုးမင်းဦးကို ဖေ့စ်ဘွတ်ခ် မက်ဆန်ဂျာမှ တစ်ဆင့် မနော်ရမ္မံဥယျာဉ် အနောက်ပေါက်၌တွေ့ဆုံရန်ချိန်းဆိုခဲ့သည်။
ယင်းနေရာတွင် လူများနေသဖြင့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်မှ တမ္ပဝတီရပ် ကွက်၊ စန္ဒာမုနိဘုရား လမ်းကြားသို့ခေါ်ဆောင်လာရန်နှင့်ညီညီလွင်၊ဝေလင်းဦးတို့နှစ်ဦးနှင့်အတူစောင့်ဆိုင်းနေမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
၎င်းတို့နှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် လည်းကောင်း၊ မျိုးမျိုး(ခ)မျိုးမင်းဦးက Scoopyiဆိုင်ကယ် ဖြင့်လည်းကောင်းအဆိုပါနေရာသို့ သွားရောက်ခဲ့ပြီးစကားပြောခဲ့ကြောင်း၊ ထို့နောက်အသင့် စောင့်ဆိုင်းနေသည့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင်နှင့် ဝေလင်းဦးတို့ရောက်ရှိလာပြီးမျိုးမျိုး(ခ)မျိုးမင်းဦး၏ လက်ကိုင်ဖုန်းကိုတောင်းယူစဉ် ၎င်းက ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသဖြင့် ဖိုးချမ်း(ခ)ငြိမ်းချမ်းအောင် က အသင့်ပါလာသောဓားမြှောင်ဖြင့် မျိုးမျိုး(ခ)မျိုးမင်းဦးကို ထိုးခဲ့ကာလူစုခွဲပြီးနေအိမ်သို့ ပြန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာ၏ဆက်လက်စစ်ဆေးချက်အရရဲတပ်ဖွဲ့ဝင်များကအမှုမှ ကျန်တရားခံများကိုသွားရောက်ဖမ်းဆီးစဉ် ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်သည့် ညီညီလွင်ကို နေပူရွာရပ်ကွက်လမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့ပြီး ဖိုးချမ်း (ခ)ငြိမ်းချမ်း အောင်နှင့်ဝေလင်းဦးတို့နှစ်ဦးကို ဖမ်းဆီးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

















