ယူကရိန်းတွင်ကျင်းပသည့် သမ္မတရွေးကောက်ပွဲပထမအကျော့၌ နိုင်ငံရေးအတွေ့အကြုံမရှိဘဲ လူရွှင်တော်အဖြစ် ကျော်ကြားသည့် ဟာသသရုပ်ဆောင် ဗိုလိုဒီမြာဇီလန်းစကီးသည် ထိပ်ဆုံးမှဦးဆောင်နေသည်။
မတ် ၃၁ ရက်က ပြိုင်ဘက် ၃၈ ဦးကိုကျော်ဖြတ်၍ ဗီလန်းစကီးကို မဲများစုပြုံပေးလိုက်ကြခြင်းက ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသူပုန်များကိုနှိမ်နင်းရာတွင် ချဉ်းကပ်မှုအသစ်များလိုအပ်ကြောင်းနှင့် အကျင့်ပျက်မှုထူပြောနေသည့်နိုင်ငံရေးစနစ်ကို သွေးသစ်လောင်းလိုကြောင်း မဲဆန္ဒရှင်များက ပြသလိုက်ပုံရသည်။
ကနဦး မဲရေတွက်ပြီးသမျှတွင် ဗီလန်းစကီးကရာခိုင်နှုန်း ၃၀၊ လက်ရှိသမ္မတ ပီထရိုပိုရိုရှန်ကိုက ၁၇ ရာခိုင်နှုန်း၊ ဝန်ကြီးချုပ်ဟောင်း ယူလီယာတီမိုရှန်ကိုက ၁၃ ရာခိုင်နှုန်း ရရှိထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ဧပြီ ၁ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ကြီးမားသည့်အောင်ပွဲအတွက် ပထမခြေလှမ်းသာရှိသေးကြောင်း ဇီလန်းစကီးက ပြောဆိုခဲ့သည်။
ထိပ်ဆုံးပြေးသူနှစ်ဦးတို့သည် ဧပြီ ၂၁ ရက်၌ ဒုတိယအကျော့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲတွင် မဲဝယ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ကြောင်း စွပ်စွဲမှုများရှိခဲ့ပြီး စည်းမျဉ်းချိုးဖောက်ကြောင်း တိုင်တန်းချက် ၂၁၀ဝ ကျော် တစ်ရက်တည်း ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
သမ္မတပီထရိုပိုရိုရှန်ကိုနှင့် ယူလီယာတီမိုရှန်ကိုအား ထောက်ခံရန် မဲဝယ်မှု အများစုဖြစ်သည်။
ဟာသသရုပ်ဆောင်နှင့် ဇာတ်ညွန်းရေးသူတစ်ဦးဖြစ်သည့် ၄၁ နှစ်အရွယ် ဇီလန်းစကီးသည် အကျင့်ပျက်ခြစားမှုကို သရော်ရှုတ်ချသည့် ကျောင်းဆရာဘဝမှ သမ္မတဖြစ်လာသူအဖြစ် သရုပ်ဆောင်သည့် ရုပ်သံဇာတ်လမ်းဖြင့် အထူး ကျော်ကြားလာခဲ့ပြီး ၄င်း၏ပရိသတ်များစွာက လက်တွေ့ဘဝတွင်လည်း သမ္မတဖြစ်လာပြီး အကျင့်ပျက်မှု တိုက်ဖျက်ပေးရန် မျှော်လင့်နေကြသည်။
လက်ရှိသမ္မတ အသက် ၅၃ နှစ်ရှိ ပီထရိုပိုရိုရှန်ကိုသည် မုန့်လုပ်ငန်းရှင်သူဌေးတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်ငါးနှစ်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၄င်းသည် ယူကရိန်း အော်သိုဒေါ့ခရစ်ယာန်ကျောင်းတော်ကို ရုရှားလက်အောက်ခံ အဖြစ်မှ သီးသန့်ရပ်တည်နိုင်စေခဲ့သည့် အောင်မြင်မှုမျိုး ဆောင်ကြဉ်းပေးနိုင်ခဲ့သော်လည်း နွံနစ်နေသည့်စီးပွားရေးကိုမူ ဆယ်တင်နိုင်ခဲ့ခြင်းမရှိပေ။ ယင်းအခြေအနေကို ပိုရိုရှန်ကိုက အသိအမှတ်ပြုခဲ့ပြီး ခွဲထွက်ရေးသူပုန်များကိုလည်း အရေးနိမ့်ရန် နှိမ်နင်းမည်ဟုမဲဆွယ်ရာတွင် ကတိပြုခဲ့သည်။

















