မလေးရှားနိုင်ငံတွင် မြောက်ကိုရီးယားခေါင်းဆောင်၏အစ်ကိုဖြစ်သူ ကင်ဂျုံနမ်အား လုပ်ကြံသတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် လက်ကျန်သံသယတရားခံ ဗီယက်နမ်သူ ဒွန်သီဟွန်က ပြစ်ဒဏ်နည်းပါးစေသည့်ပုဒ်မဖြင့် အပြစ်ဝန်ခံခဲ့၍ ထောင်ဒဏ်သုံးနှစ်နှင့်လေးလ ချမှတ်လိုက်ပြီး မေလတွင် လွတ်မြောက်နိုင်ကြောင်း သိရသည်။
ဒွန်သီဟွန်က ၄င်း၏အပြုအမူအတွက် တာဝန်ယူကြောင်း၊ အပြစ်ရှိကြောင်းဝန်ခံလျက် မူလစွဲချက်တင်ထားသည့် လူသတ်မှုအစား လူသေဆုံးနိုင်သည့်လက်နက် ကိ်ုင်ဆောင်ခဲ့မှုဖြင့် စွဲချက်တင်အပြစ်ပေးရန် ရှေ့နေမှတစ်ဆင့် အသနားခံခဲ့သည်။
လူသတ်မှုဆိုပါက အမြင့်ဆုံးသေဒဏ်အထိ ကျခံရနိုင်ပြီး တရားရုံးက အသနားခံစာကိုလက်ခံလျက် ဒွန်သီဟွန်ကို ထောင်သုံးနှစ်လေးလချမှတ်ခဲ့သည်။
၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလက စတင်ဖမ်းဆီးခံခဲ့ရသည့် အချုပ်ရက်များခံစားခွင့်နှင့် အခြားပြဌာန်းချက်များအရ ဒွန်သီဟွန်သည် လာမည့်မေလတွင် လွတ်မြောက်နိုင်ကြောင်း ၄င်း၏ရှေ့နေကပြောဆိုသည်။
ဒွန်သီဟွန်က လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးသည့် ရုပ်သံဟာသအစီအစဉ်တွင် အခကြေးငွေအနည်းငယ်ဖြင့် ပါဝင်သည်ဟုယုံကြည်၍ ကင်ဂျုံနမ်မျက်နှာကို အဆိပ်ပါမှန်းမသိသည့်ပုဝါဖြင့် အုပ်ခဲ့မိကြောင်း ထွက်ဆိုထားသည်။
၄င်းအား စည်းရုံးခိုင်းစေခဲ့သူများမှာ မြောက်ကိုရီးယားအေးဂျင့်များဖြစ်သည်ဟု ယူဆရပြီး ၄င်းတို့မှာ ထွက်ပြေးလွတ်မြောက်သွားသည်။ မလေးရှားအစိုးရကမူ လုပ်ကြံမှုတွင် မြောက်ကိုရီးယားအစိုးရပတ်သက်ကြောင်း တရားဝင်ပြောဆိုမှု မရှိခဲ့ပေ။
ကာယကံမြောက်လုပ်ကြံသူအဖြစ် စွဲချက်တင်ခံရသူ အမျိုးသမီးငယ်နှစ်ဦးရှိခဲ့ပြီး ယင်းအနက် အင်ဒိုနီးရှားသူ ဆာတီအာရှားကို ရှေ့နေချုပ်အမိန့်ဖြင့် မလေးရှားတရားရုံးက မတ် ၁၁ ရက်၌ လွှတ်ပေးခဲ့ပြီးဖြစ်သည်။
ကင်ဂျုံနမ်သည် မူလက ဖခင်ကင်ဂျုံအီ၏အရိုက်အရာဆက်ခံရန် မျှော်လင့်ခဲ့သော်လည်း ဖအေတူမအေကွဲညီဖြစ်သူ ကင်ဂျုံအွန်သာ အရိုက်အရာဆက်ခံခွင့်ရခဲ့ပြီးနောက် ပြည်ပတွင်နေထိုင်ခဲ့သည်။
၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် မလေးရှားနိုင်ငံကွာလာလမ်ပူလေဆိပ်၌ ဗွီအိပ်စ်အဆိပ်ဖြင့် လုပ်ကြံခံရ၍ ကင်ဂျုံနမ်သေဆုံးခဲ့ရပြီးနောက် လေဆိပ်တွင် တစ်ချိန်တည်းရှိနေသည့် ဆာတီအာရှားနှင့် ဒွန်သီဟွန်တို့ ဖမ်းဆီးစွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။

















