မကြာမီဂျပန်ရှင်ဘုရင်အရိုက်အရာကိုဆက်ခံမည့် နာရူဟီတို၏ခေတ်ကိုညီညွတ်ခြင်းခေတ်အဖြစ် တင်စားကာခေတ်ကိုကိုယ်စားပြုသောစကားလုံးအဖြစ် “ရိုင်ဝါ” ဟူသောစာလုံးကိုရွေးချယ်လိုက်သည်။
ဂျပန် ရှင်ဘုရင် အကီဟီတိုသည် ဧပြီ ၃၀ တွင် နန်းစွန့်မည်ဖြစ်ပြီး နှစ်ပေါင်း ၂၀ဝ အတွင်းဂျပန်ရှင်ဘုရင်တစ်ပါးသက်ရှိထင်ရှားနန်းစွန့်မှုလည်းဖြစ်ကာ ၎င်း၏ ဟိုင်ဆိုင်ခေတ် (ငြိမ်းချမ်းရေးခေတ်) အဆုံးသတ်မည်ဖြစ်သည်။
မေ ၁ ရက်က စတင်ကာသားတော် နာရူဟီတိုကနန်းမွေဆက်ခံကာ ရိုင်ဝါခေတ်ကိုစတင်မည်ဖြစ်သည်။
၇ ရာစုကရေးသားခဲ့သောဂျပန် ကဗျာပေါင်းချုပ် “မန်ရိုရှူ” ထဲမှ ရိုင်ဝါ ဟူသောစာလုံးကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းဝန်ကြီးချုပ် ရှင်ဇိုအာဘေးကပြောသည်။
ရိုင်ဝါဟူသောစာလုံးသည် ပန်းပွင့်များပွင့်လန်းဝေစည်ခြင်းဟူသောအဓိပ္ပာယ်လည်းဆောင်ရာ နိုင်ငံသားတိုင်းအိပ်မက်များအကောင်အထည်ဖော်နိုင်စေ၊ တစ်ဦးကိုတစ်ဦးချစ်ခင်ကြင်နာကာစည်းချက်ညီစွာနေထိုင်နိုင်စေရေးဦးတည်လျက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းဝန်ကြီးချုပ် အာဘေးကပြောသည်။
၁၉၇၉ ခုနှစ်က ပြဌာန်းခဲ့သောခေတ် နာမည်ရွေးချယ်ရေးဥပဒေအရ ဝန်ကြီးချုပ် အာဘေးသည် တရုတ်နှင့် ဂျပန် ဂန္တဝင်စာပေ ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့ကိုဖွဲ့စည်းကာနာမည် နှစ်လုံးမှ ငါးလုံးထိကိုရွေးချယ်တင်ပြစေခဲ့ပြီးထိုအထဲကရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပြုသောနာမည်များသည် ရေးရ၊ ဖတ်ရလွယ်ကူရမည်၊ ယခင်ကရွေးချယ်ထားပြီးသားနာမည် မဖြစ်စေရ၊ လူသုံးများ၍ ရိုးအီနေသောနာမည် မဖြစ်စေရစသဖြင့် စည်းကမ်းချက်များစွာဖြင့် ချိန်ထိုးအကဲဖြတ်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၁၄၀ဝ တစ်လျှောက် တရုတ်ဂန္တဝင်ကဗျာများထဲမှ စာလုံးများကိုသာရွေးချယ်ခဲ့ရာမှ၊ ယခုအကြိမ်တွင် ပထမဆုံးအဖြစ် ဂျပန် ကဗျာပေါင်းချုပ်ထဲမှ ရိုင်ဝါဟူသောစာလုံးကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။

















