ရုရှားတွင် အချမ်းသာဆုံးအမျိုးသမီးများထဲ တစ်ဦးအပါအဝင်ဖြစ်သည့် နာတာလီယာ ဖီလီဗာသည် ဂျာမနီတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျရာ၌ သေဆုံးခဲ့သည်။
ရုရှားလေကြောင်းကိုစီမံသည့် အက်စ် ၇ ကို ပူးတွဲပိုင်ဆိုင်သူ ၅၅ နှစ်အရွယ် ဖီလီဗာသည် မတ် ၃၁ ရက်က အင်ဂျင်တစ်လုံးတပ် ထိုင်ခုံခြောက်လုံးပါ အဲပစ်အယ်လ်တီလေယာဉ်ငယ်စီးနင်း၍ ဂျာမနီအနောက်တောင်ပိုင်း၊ အီဂျဲလ်စ်ဘက်မြို့ရှိ လေယာဉ်ကွင်းငယ်သို့ လေယာဉ်ဆင်းသက်စဉ် အနီးရှိ ကွင်းပြင်ထဲလေယာဉ်ပျက်ကျပြီး မီးလောင်ရာတွင် လေယာဉ်မောင်းနှင့် အခြားတစ်ဦးတို့နှင့်အတူ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဖရန့်ဖတ်တောင်ပိုင်းမှ ၁၀ ကီလိုမီတာ(၆ မိုင်)အကွာရှိ လေယာဉ်ပျက်ကျရာသို့ မောင်းနှင်လာသည့် ရဲကားတစ်စီးမှာလည်း အခြားကားတစ်စီးနှင့်တိုက်မိ၍ ယင်းယာဉ်တိုက်မှုတွင် နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိခဲ့သေးသည်။

















