မြောက်ကိုရီးယားဘက်ကပူးပေါင်းမှု မရှိသော်လည်း စစ်ပွဲကာလရုပ်အလောင်းများ ရှာဖွေရေး တောင်ကိုရီးယားစတင်

မြောက်ကိုရီးယားဘက်ကပူးပေါင်းမှု မရှိသော်လည်း စစ်ပွဲကာလရုပ်အလောင်းများ ရှာဖွေရေး တောင်ကိုရီးယားစတင်

ကိုရီးယားစစ်ပွဲကာလ ကြွင်းကျန်ရုပ်အလောင်းများနယ်စပ်ကန့်သတ်နယ်မြေတစ်လျှောက် ရှာဖွေရေးတောင်မြောက်ကိုရီးယားနှစ်နိုင်ငံသဘောတူထားခဲ့ပြီး၊ ယခုအခါ မြောက်ကိုရီးယားဘက်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်တိုင် တောင်ကိုရီးယားသည် ဧပြီ ၁ ရက်မှစတင်ကာနယ်စပ်မျဉ်းတောင်ပိုင်းတစ်လျှောက် ရှာဖွေရေးများဆောင်ရွက်ပြီဖြစ်သည်။

နယ်စပ်မျဉ်းတောင်ပိုင်းတောင်ကိုရီးယားပိုင်နက်တစ်လျှောက် စစ်ရေးကင်းမဲ့ဇုန်အတွင်းမိုင်းများရှင်းလင်းခြင်း၊ ကြွင်းကျန်ရုပ်အလောင်းများတူးဖော်ရှာဖွေရေးများကိုတောင်ကိုရီးယားစစ်ဘက်ကစတင်နေပြီဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူချွိုင်ဟွန်ဆူက ပြောသည်။

မြောက်ကိုရီးယားနှင့် အမေရိကန် နျူကလီးယားဆွေးနွေးပွဲတစ်စိတ်တစ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်အဖြစ် တောင်မြောက်ကိုရီးယားပူးပေါင်းကာ ၁၉၅၀ - ၁၉၅၃ ကိုရီးယားစစ်ပွဲကာလ ကြွင်းကျန်ရုပ်အလောင်းများနယ်စပ်တစ်လျှောက် ရှာဖွေရေးသဘောတူခဲ့ကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလကဗီယက်နမ်တွင် ကင်ဂျုံအွန်နှင့် ဒေါ်နယ်ထရမ့်တို့ ဒုတိယအကြိမ် တွေ့ဆုံမှု အဆင်မပြေဖြစ်ခဲ့ပြီးနောက် ရုပ်အလောင်းများရှာဖွေရေးပူးပေါင်းဆောင်ရွက်ရန် မြောက်ကိုရီးယားဘက်ကထက်သန်စွာပူးပေါင်းဆောင်ရွက်ခြင်းမရှိတော့ကြောင်းတွေ့ရသည်။

တောင်ကိုရီးယားသမ္မတမွန်းဂျေအင်သည် ယခုလကုန်ပိုင်းတွင် အမေရိကန်သို့ သွားရောက်ကာသမ္မတထရမ့်နှင့် တွေ့ဆုံပြီး နျူကလီးယားဆွေးနွေးပွဲအသက်ဆက်နိုင်ရေး ကြိုးပမ်းမည်ဖြစ်သည်။

မြောက်ကိုရီးယားအနေဖြင့် ဆွေးနွေးပွဲအရှိန်ကျသွားစေမည့် အခြေအနေမျိုးမဖန်တီးရန်၊ နျူကလီးယားအရေးကိုသံတမန်နည်းဖြင့်သာဖြေရှင်းရန်လည်းသမ္မတမွန်းက နှိုးဆော်ထားသည်။